News

POST TAGGED AS

BBC AFRICAN PLAYER OF THE YEAR

ဘီဘီစီက ပေးအပ်ချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံး အာဖရိက ကစားသမားဆုကို ဆာလားဟ် ရရှိ

လန်ဒန်၊ ဒီဇင်ဘာ ၁၂

လီဗာပူးတိုက်စစ်တောင်ပံကစားသမား ဆာလားဟ်သည် ဘီဘီစီသတင်းဌာနက ပေးအပ်ချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံး အာဖရိက ကစားသမားဆုကို ဆွတ်ခူးရရှိသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

ဆာလားဟ်သည် ဒေါ့မွန်တိုက်စစ်မှူး အော်ဘာမီယန်၊ လီဗာပူးအသင်းဖော် မာနေး၊ လိုက်ပ်ဇစ်ဂ်ျကွင်းလယ်လူ နာဘီကီတာနှင့် ချယ်လ်ဆီးကွင်းလယ်လူ မိုဆက်စ်တို့ကို ကျော်ဖြတ်၍ ယခုဆုကို ဆွတ်ခူးရရှိသွားခဲ့ခြင်းဖြစ်ကာ ၎င်း၏ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ယခုဆုကို ပထမဆုံးအကြိမ်အဖြစ် ဆာလားဟ်က ရရှိသွားခဲ့ခြင်းလည်း ဖြစ်သည်။

ဆာလားဟ်သည် လက်ရှိအချိန်တွင် လီဗာပူးအသင်း၏အရေးအပါဆုံးသော ကစားသမားတစ်ဦးအဖြစ် နေရာရရှိနေပြီဖြစ်ပြီး လက်ရှိဘောလုံးရာသီတွင် ပြိုင်ပွဲအရပ်ရပ်၌ လီဗာပူးအတွက် ၎င်းသွင်းယူပေးထားသည့် သွင်းဂိုးအရေအတွက်မှာ ၁၉ ဂိုး ရှိထားပြီဖြစ်သည်။

ဆာလားဟ်သည် ယမန်နှစ်ဘောလုံးရာသီ၌ ရိုးမားအသင်းနှင့်အတူ အီတလီစီးရီးအေပြိုင်ပွဲတွင် ထိပ်တန်းအဆင့် ကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ခြင်း၊ အီဂျစ်လက်ရွေးစင်အသင်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်စေရန် ဦးဆောင်မှုပေးနိုင်ခဲ့ခြင်း စသည့်အချက်များအပေါ်တွင်မူတည်၍ ဘီဘီစီ တစ်နှစ်တာအကောင်းဆုံး အာဖရိက ကစားသမားဆုကို ရရှိသွားခဲ့ခြင်းဖြစ်ပြီး ရှေ့လာမည့် ၂၀၁၈ ခုနှစ်တွင်လည်း ယခုဆုကို ထပ်မံရယူနိုင်ရန် ၎င်းအနေနှင့် ရည်မှန်းထားပါကြောင်း ဆာလားဟ်က ဖွင့်ဟပြောကြားသွားခဲ့သည်။

ဘီဘီစီသတင်းဌာနက ပေးအပ်ချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံး အာဖရိက ကစားသမားဆုကို ပရီးမီးယားလိဂ်ပြိုင်ပွဲ ကိုယ်စားပြုကစားသမားများက သုံးနှစ်ဆက်တိုက် ဆွတ်ခူးရရှိခဲ့သည်မှာလည်း ထူးခြားချက်တစ်ရပ်ဖြစ်နေပြီး ဆာလားဟ်မတိုင်မီတွင် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်၌ မန်စီးတီးကွင်းလယ်လူ ယာယာတိုရေးကလည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် လက်စတာတိုက်စစ်တောင်ပံကစားသမား မာရက်ဇ်ကလည်းကောင်း ယခုဆုကို ရရှိခဲ့ကြဖူးသည်။




FOLLOW US