News

POST TAGGED AS

ARSENE WENGER

အာဆင်နယ်နည်းပြဘ၀ဖြတ်သန်းမှုအတွင်း အကြီးမားဆုံးသော ဆုံးရှုံးနစ်နာမှုမှာ စီရော်နယ်ဒိုကို မခေါ်ယူနိုင်ခဲ့ခြင်းဟု အာစင်ဝင်းဂါး အသိပေး

လန်ဒန်၊ မေ ၁၇

အာဆင်နယ်အသင်းနှင့် လမ်းခွဲသွားခဲ့ပြီဖြစ်သော နည်းပြ အာစင်ဝင်းဂါးသည် ၎င်း၏အာဆင်နယ်နည်းပြဘ၀ဖြတ်သန်းမှု ၂၂ နှစ်တာကာလအတွင်းအကြီးမားဆုံးသော ဆုံးရှုံးနစ်နာမှုမှာ စီရော်နယ်ဒိုကို မခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဖွင့်ဟအသိပေးသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

အသက် ၆၈ နှစ်အရွယ်ရှိ အာစင်ဝင်းဂါးသည် အာဆင်နယ်တိုက်စစ်တွင် အွန်နရီနှင့် စီရော်နယ်ဒိုတို့ကို တွဲဖက်ရန် ဆန္ဒရှိခဲ့ပြီး ယင်းအတိုင်းသာ အမှန်တကယ် လက်တွေ့အကောင်အထည်ဖော်ခဲ့မည်ဆိုပါက ၎င်း၏အာဆင်နယ်နည်းပြဘ၀ဖြတ်သန်းမှု သမိုင်းကြောင်းမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်သည်ဟုလည်း အာစင်ဝင်းဂါးက မှတ်ချက်ပေးအပ်သွားခဲ့သည်။

အာစင်ဝင်းဂါးသည် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းကြောင်းတစ်လျှောက်တွင် ထိပ်တန်းအဆင့်ကစားသမားအဖြစ် သတ်မှတ်ခံထားရသော ဗီအဲရာ၊ ဘားကမ့်၊ အွန်နရီ၊ ရောဘတ်ပီရက်စ်၊ ဖာဘရီဂတ်စ်၊ ဗန်ပါစီနှင့် အိုဇေးလ်တိုကို အာဆင်နယ်ထံ၌ ကစားသမားဘ၀ဖြတ်သန်းဖြစ်စေရန် စွမ်းဆောင်နိုင်ခဲ့သော်လည်း စီရော်နယ်ဒိုကိုမူ ခေါ်ယူနိုင်ရန် လွန်စွာနီးစပ်သောအနေအထားတစ်ရပ်ကို ပိုင်ဆိုင်အပြီးတွင်မှ လက်လွှတ်လိုက်ရခြင်းဖြစ်သည်။

အာစင်ဝင်းဂါးသည် စီရော်နယ်ဒိုကို ခေါ်ယူနိုင်ရေးတွင် ငွေသုံးရန် လက်တွန့်ခဲ့သော အာဆင်နယ်ဒါရိုက်တာဘုတ်အဖွဲ့ကိုလည်း ဝေဖန်သွားခဲ့ပြီး မန်ယူဘက်က စီရော်နယ်ဒိုကို ခေါ်ယူရန် စပို့တင်းလစ္စဘွန်းထံသို့ ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၂ သန်းဖြင့် ကမ်းလှမ်းဆက်သွယ်ထားချိန်တွင် အာဆင်နယ်ဘက်က ပြောင်းရွှေ့ကြေးကို ပေါင် ၄ ဒသမ ၅ သန်းထက် ပို၍ တိုးမပေးဘဲ တင်းခံခဲ့ခြင်းက အဆုံးသတ်တွင် စီရော်နယ်ဒိုကို မန်ယူထံသို့ ရောက်သွားစေခဲ့ခြင်းဖြစ်သည်ဟု အာစင်ဝင်းဂါးက အသိပေးသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် အာစင်ဝင်းဂါးက “စီရော်နယ်ဒိုဟာ သူ့မိခင်နဲ့အတူ အာဆင်နယ်ဆီကို ရောက်လာခဲ့ဖူးပါတယ်။ ကျွန်တော်တို့ဆီကို သူပြောင်းရွှေ့ရောက်ရှိဖို့ အရမ်းကို နီးစပ်တဲ့အခြေအနေမှာ ရှိခဲ့ပြီးချိန်မှ မန်ယူက ကြားဝင်လာခဲ့တာပါ။ အဲ့ဒီတုန်းက အသင်းမှာ အွန်နရီ ရှိနေဆဲပါပဲ။ အွန်နရီနဲ့ စီရော်နယ်ဒိုတို့ကိုသာ တွဲဖက်လိုက်နိုင်မယ်ဆိုရင် အာဆင်နယ်ရဲ့သမိုင်းရော ကျွန်တော့်ရဲ့သမိုင်းပါ ပြောင်းလဲသွားနိုင်ပါတယ်။ မန်ယူဟာ ပေါ်တူဂီနိုင်ငံဆီကို စပို့တင်းလစ္စဘွန်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်ကစားဖို့ ရောက်သွားချိန်မှ စီရော်နယ်ဒိုကို သိခဲ့တာပါ။ ဒါပေမဲ့ ဖာဂူဆန်က ဒီကောင်လေး ထွန်းတောက်လာလိမ့်မယ်ဆိုတာကို ချက်ချင်းပဲ အကဲဖြတ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပြောင်းရွှေ့ကြေးကို ပေါင် ၁၂ သန်း ပေးပစ်လိုက်တာပါ။ ကျွန်တော်တို့ကတော့ ပြောင်းရွှေ့ကြေးကို ပေါင် ၄ ဒသမ ၅ သန်းကနေပြီး ရှေ့မတိုးခဲ့ပါဘူး။ စပို့တင်းလစ္စဘွန်းကို အပြစ်တင်စရာ မရှိပါဘူး။ ဈေးနှုန်းပိုပေးတဲ့အသင်းဆီကိုပဲ ကိုယ့်ကစားသမားကို ရောင်းထုတ်လိုက်ချင်တဲ့ သူတို့သဘောထားကို ကျွန်တော် နားလည်ပေးနိုင်ပါတယ်”ဟု ပြောကြားသွားခဲ့သည်။





FOLLOW US