News

POST TAGGED AS

ARSENE WENGER

12-May-2018

Soccer Premier League Arsenal Arsene Wenger
ကစားသမားကောင်းများကို စပါး မလွဲမသွေ ရောင်းထုတ်ရလိမ့်မည်ဟု အာစင်ဝင်းဂါး အသိပေး

လန်ဒန်၊ မေ ၁၂

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် စပါးအသင်းကို ဘောလုံးကွင်းသစ်တည်ဆောက်ခြင်း လုပ်ငန်းစဉ်အတွက် တန်ရာတန်ကြေးတစ်ခု မလွဲမသွေ ပြန်လည်ပေးဆပ်ရလိမ့်မည်ဟု သတိပေးစကားပြောကြားလိုက်ပြီး ယင်းတန်ရာတန်ကြေးဟူသည်မှာ အခြားမဟုတ်ဘဲ အသင်းရှိ ကစားသမားကောင်းများကို လက်လွှတ်ဆုံးရှုံးရခြင်းပင်ဖြစ်လိမ့်မည်ဟု အာစင်ဝင်းဂါးက အသိပေးသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။

အာစင်ဝင်းဂါးသည် စပါးအနေနှင့် များမကြာမီကာလအတွင်း ဟယ်ရီကိန်းအပါအ၀င် အခြားသောကစားသမားကောင်းအချို့ကို ရောင်းထုတ်၍ ဘောလုံးကွင်းသစ်တည်ဆောက်ရေးလုပ်ငန်းစဉ်အတွက် ဘဏ္ဍာရေးအင်အား မလွဲမသွေ ဖြည့်ရလိမ့်မည်ဟု ထောက်ပြသွားခဲ့ပြီး ယင်းကာလအတွင်း အသင်းအခြေအနေ ယိမ်းယိုင်မသွားစေရန်အတွက် ယခုကတည်းက စီမံကိန်းအချို့ရေးဆွဲကာ ပြင်ဆင်ထားသင့်ကြောင်းလည်း စပါးအသင်းတာဝန်ရှိသူများကို အာစင်ဝင်းဂါးက တိုက်တွန်းသွားခဲ့သေးသည်။

အာဆင်နယ်သည် ၂၀၀၆ ခုနှစ်တွင် အမ်းမရိတ်စ်ဘောလုံးကွင်းတည်ဆောက်ရန်အတွက် ချေးငွေပမာဏ ပေါင်သန်း ၂၆၀ ရယူခဲ့ရပြီး ယင်းချေးငွေအတွက် အတိုးနှုန်းကို အာဆင်နယ်က ယခုအချိန်တိုင်သည်အထိ ပြန်လည်ပေးဆပ်နေရဆဲဖြစ်သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် အာစင်ဝင်းဂါးက “လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလကနဲ့ အရမ်းကို ကွာခြားသွားခဲ့ပါပြီ။ ဘောလုံးကွင်းသစ်တစ်ကွင်းတည်ဆောက်တဲ့နေရာမှာ ကုန်ကျတဲ့စရိတ်က နှစ်ဆမြင့်တက်လာပြီး ကစားသမားတွေရဲ့တန်ကြေးကတော့ သုံးလေးဆ မြင့်တက်သွားတာမျိုးတွေ ရှိနေပါတယ်။ ကျွန်တော်တို့ ကွင်းသစ်ဆောက်ခဲ့စဉ်ကာလက ပေါင် ၁၀ သန်းလောက်နဲ့ ခြေစွမ်းကောင်းတဲ့ ကစားသမားတစ်ယောက် ခေါ်ယူလို့ရနိုင်ပါတယ်။ ဟယ်ရီကိန်းလို ကစားသမားတစ်ယောက်ဆိုရင် အဲ့ဒီအချိန်က တန်ကြေး ၁၀ သန်းထက် မပိုပါဘူး။ ဒီနေ့မှာတော့ မတူဘူးပေါ့လေ။ စပါးအနေနဲ့ သိပ်မကြာခင်မှာပဲ ဟယ်ရီကိန်းကို ဈေးသတ်မှတ်ပေးရတော့မှာပါ။ ပေါင်သန်း ၁၀၀ လား။ အဲ့ဒါထက် ပိုများမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပေါ့”ဟု ပြောကြားသွားခဲ့သည်။

အာဆင်နယ်သည် ဘောလုံးကွင်းသစ်တည်ဆောက်ခြင်း လုပ်ငန်းစဉ်ဆောင်ရွက်နေစဉ်နှင့် ဆောင်ရွက်ပြီးစီးသွားသည့် ကာလအပိုင်းအခြားအတွင်း ကစားသမားကောင်းများစွာကို နှစ်စဉ် ရောင်းထုတ်ခဲ့ရပြီး အွန်နရီ၊ ဖာဘရီဂတ်စ်၊ ဗန်ပါစီနှင့် နာဆရီတို့မှာ ကွင်းသစ်ဆောက်လုပ်ခြင်း လုပ်ငန်းစဉ်ကြောင့် အာဆင်နယ်ဆုံးရှုံးခဲ့ရသည့်အကျော်အမော်များပင်ဖြစ်သည်။




FOLLOW US