News

POST TAGGED AS

ARSENE WENGER

အာစင်ဝင်းဂါးကို ခေါ်ယူနိုင်ရန် အဆင်မပြေခဲ့ပါက ကွန်ဆီကာအိုကို ကမ်းလှမ်းရန် အဲဗာတန် ပြင်ဆင်ထား

လီဗာပူး၊ မေ ၉

အဲဗာတန်အသင်း အဓိရှယ်ယာရှင် အီရန်သန်းကြွယ်သူဌေး ဖာဟစ်ဒ်မိုရှီရီသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် အသင်းနည်းပြ ဆမ်အလာဒွိုက်စ်ကို ရာထူးထုတ်ပယ်ကာ နည်းပြသစ်တစ်ဦး ခန့်အပ်ရန် စီစဉ်နေပြီဖြစ်ပြီး မိုရှီရီ၏နည်းပြသစ်လျာထားစာရင်းတွင် ထိပ်ဆုံးနေရာ၌ရှိနေသူမှာ အာစင်ဝင်းဂါးဖြစ်ကာ ဒုတိယနေရာ၌ ရပ်တည်နေသူမှာ ပေါ်တိုနည်းပြ ကွန်ဆီကာအိုဖြစ်ကြောင်း Daily Mirror က ဖော်ပြထားသည်။

အဲဗာတန်သည် လက်ရှိဘောလုံးရာသီ၏အစောပိုင်းကာလ၌ပင် နည်းပြ ရော်နယ်ကိုးမန်းကို ရာထူးထုတ်ပယ်၍ ၎င်းအစား ဆမ်အလာဒွိုက်စ်ကို အစားထိုးခန့်အပ်ခဲ့ပြီး အာစင်ဝင်းဂါးမှာ အာဆင်နယ်၏ပြိုင်ဘက် အခြားသော ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းကို တာဝန်ယူဖွယ် မရှိသည့်အတွက် ၎င်းကို ခေါ်ယူနိုင်ရေးမှာ အဲဗာတန်အတွက် အခွင့်အလမ်း လွန်စွာနည်းပါးလျက်ရှိသည်။

အဲဗာတန်အသင်းအားပေးသူများသည် နည်းပြ ဆမ်အလာဒွိုက်စ်လက်ထက်တွင် အသင်း၏ကောင်းမွန်သော ကစားဟန်များအားလုံး ပျောက်ကွယ်သွားရကြောင်း စွပ်စွဲဝေဖန်ထားကြပြီး အာဆင်နယ်အသင်းရှယ်ယာရှင်ဟောင်းတစ်ဦးဖြစ်ခဲ့ဖူးသော မိုရှီရီမှာ ၎င်းနှင့် အာစင်ဝင်းဂါးအကြားတွင် ရှိထားနှင့်ပြီးသော ပုဂ္ဂိုလ်ရေးရင်းနှီးမှုများကို အသုံးချ၍ အာစင်ဝင်းဂါးကို အဲဗာတန်နည်းပြအဖြစ် ခန့အပ်နိုင်ရန် စည်းရုံးရေးဆင်းနေခြင်းဖြစ်ကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေသည်။

ပေါ်တိုနည်းပြ ကွန်ဆီကာအိုသည် လက်ရှိဘောလုံးရာသီတွင် ပေါ်တိုကို ပေါ်တူဂီအဆင့်မြင့်တန်း အမှတ်ပေးပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခွင့်ရစေရန် ဦးဆောင်နိုင်ခဲ့ပြီး ပေါ်တိုမှာ နောက်ဆုံးဖြတ်သန်းခဲ့သော ဘောလုံးရာသီလေးရာသီအတွင်း ပြည်တွင်းအမှတ်ပေးချန်ပီယံဆုကို ပထမဆုံအကြိမ် ပြန်လည်ဆွတ်ခူးရယူနိုင်ခြင်းအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်သည်။

ကွန်ဆီကာအိုနှင့် ပေါ်တိုအသင်းအကြားတွင် ချုပ်ဆိုထားသောစာချုပ်သည် သက်တမ်းအားဖြင့် တစ်နှစ်သာကျန်ရှိတော့ပြီး ၎င်းကိုခေါ်ယူလိုပါက ယင်းလက်ကျန်စာချုပ်သက်တမ်းအတွက် အဲဗာတန်က စာချုပ်ဖျက်သိမ်းခလျော်ကြေးတစ်ရပ် အသုံးပြုရလိမ့်မည်ဖြစ်သည်။

အဲဗာတန်သည် ကွန်ဆီကာအိုကို တစ်နှစ်လုပ်ခလစာ အကျိုးခံစားခွင့်အဖြစ် ပေါင် ၁ ဒသမ ၇ သန်း ပေးအပ်ရန် ရည်မှန်းထားပြီး ယင်းမှာ ကွန်ဆီကာအိုအတွက် ပေါ်တိုထံတွင် ရရှိနေသော လုပ်ခလစာထက် နှစ်ဆပိုမိုရနိုင်မည့် အနေအထားဖြစ်သည်။




FOLLOW US