POST TAGGED AS

ARSENE WENGER

08-May-2018

Soccer Premier League Arsenal Arsene Wenger
အလုပ်ကမ်းလှမ်းမှုများစွာကို လက်ခံရရှိထားပြီး အနားယူဦးမည် မဟုတ်သေးဟု အာစင်ဝင်းဂါး အသိပေး

လန်ဒန်၊ မေ ၈

လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် အာဆင်နယ်နှင့်လမ်းခွဲတော့မည်ဖြစ်သော နည်းပြ အာစင်ဝင်းဂါးသည် ၎င်းအနေနှင့် အလုပ်သစ်ကမ်းလှမ်းမှုပေါင်းများစွာကို လက်ခံရရှိထားသည့်အတွက် အနားယူဦးမည်မဟုတ်ဘဲ လုပ်ငန်းခွင်အတွင်း ဆက်လက်ကျင်လည်ဖြတ်သန်းနေဦးမည်သာဖြစ်သည်ဟု ဖွင့်ဟအသိပေးလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။

အာစင်ဝင်းဂါးသည် ၎င်း၏ကာယနှင့် ဥာဏ အခြေအနေနှစ်ရပ်လုံးမှာ စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ရန်အတွက် ပြည့်စုံလုံလောက်မှုရှိနေသေးသည်ဟု မှတ်ချက်ပေးအပ်သွားခဲ့ပြီး ကမ်းလှမ်းမှုများမှာ ၎င်းမျှော်လင့်ထားသည်ထက် များစွာ ပိုများနေခြင်းကြောင့် ရွေးချယ်ရခက်သည့်အခြေအနေမျိုးလည်းဖြစ်နေသည်ဟု အာစင်ဝင်းဂါးက ထပ်လောင်းရှင်းပြသွားခဲ့သည်။

အာစင်ဝင်းဂါးသည် ၎င်းကို နိုင်ငံခြားသားနည်းပြတစ်ဦးဖြစ်နေသည့်ကြားကပင် ပရီးမီးယားလိဂ်အသင်းတစ်သင်းကို တာဝန်ယူရန် ယုံကြည်စွာဖြင့် အလုပ်ခန့်အပ်ခဲ့သော အာဆင်နယ်ဥက္ကဋ္ဌဟောင်း ဒေးဗစ်ဒိန်းကိုလည်း ကျေးဇူးတင်စကားပြောသွားခဲ့ပြီး ယင်းအချိန်က ပရီးမီးယားလိဂ်ဟူသည်မှာ ဗြိတိန်နည်းပြအများစု ကြီးစိုးရာလိဂ်ပြိုင်ပွဲကြီးဖြစ်သည့်အတွက် နိုင်ငံခြားသားနည်းပြတစ်ယောက်အတွက် အခွင့်အရေးရနိုင်ရန်မှာ လွန်စွာရာခိုင်နှုန်းနည်းပါးကြောင်း အာစင်ဝင်းဂါးက ပြောကြားသွားခဲ့သေးသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် အာစင်ဝင်းဂါးက “အလုပ်ကတော့ ဆက်လုပ်ဖြစ်နေဦးမှာပါ။ ဒါပေမဲ့ ကမ်းလှမ်းထားမှုတွေက အရမ်းပဲ များလွန်းနေလို့ ရွေးချယ်ရခက်နေပါတယ်။ ဘောလုံးရာသီပြီးဆုံးသွားချိန်ရောက်ရင်တော့ အနာဂတ်နဲ့သက်ဆိုင်တဲ့ဆုံးဖြတ်ချက်တစ်ရပ်ကို ကျွန်တော် အတိအကျ ချမှတ်ဖြစ်နိုင်ပါတယ်။ အာဆင်နယ်ကတော့ ကျွန်တော့်နှလုံးသားထဲမှာ အမြဲရှိနေမယ့်အသင်းပါ။ ဒီအသင်းကို တခြားနည်းပြတစ်ယောက်က ဦးဆောင်တော့မှာဖြစ်ပေမယ့် အမ်းမရိတ်စ်ကွင်းကြီးဆီကို ပွဲကြည့်ပရိသတ်တစ်ယောက်အဖြစ် ကျွန်တော်က အမြဲရောက်နေဦးမှာပဲဖြစ်ပါတယ်”ဟု အသိပေးသွားခဲ့သည်။




FOLLOW US