News

POST TAGGED AS

ARSENE WENGER

05-May-2018

Soccer Premier League Arsenal Arsene Wenger
ကိုယ်ပိုင်ဆိုင်သည့်ကလပ်အသင်းကဲ့သို့ တန်ဖိုးထားနိုင်မှသာ ရာထူးတည်မြဲလိမ့်မည်ဟု နည်းပြသစ်ဖြစ်လာမည့်သူကို အာစင်ဝင်းဂါး သတိပေး

လန်ဒန်၊ မေ ၅
 
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ၎င်း၏ရာထူးကို ဆက်ခံမည့် အသင်းနည်းပြသစ်အနေနှင့် အာဆင်နယ်ကို ကိုယ်ပိုင်ဆိုင်သည့်အသင်းကဲ့သို့ တန်ဖိုးထားနိုင်မှသာလျှင် ကာလရှည်ကြာ ရာထူးတည်မြဲရန် အာမခံချက်တစ်ရပ် ရနိုင်လိမ့်မည်ဖြစ်ကြောင်း သတိပေးစကားပြောကြားလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။

အသက် ၆၉ နှစ်အရွယ်ရှိ အာစင်ဝင်းဂါးသည် အာဆင်နယ်ကို ၂၂ နှစ်ကြာ ဦးဆောင်ခဲ့အပြီးတွင် ရာထူးနုတ်ထွက်ရန် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ခြင်းဖြစ်ပြီး အာစင်ဝင်းဂါး၏ပြောစကားများအရ နည်းပြသစ်မှာ အသင်းအောင်မြင်ရေးထက် အသင်းအကျိုးစီးပွားဖြစ်ထွန်းရေးကို ပိုမိုအလေးပေးရဖွယ်သဘောများရှိနေသည်။

အာစင်ဝင်းဂါးသည် အသင်းနည်းပြသစ်ရွေးချယ်ရေးအစီအစဉ်တွင် ၎င်းအနေနှင့် ပါဝင်ပတ်သက်ခြင်း လုံးဝမရှိပါကြောင်းလည်း ထုတ်ဖော်ပြောဆိုထားပြီး လက်ရှိတွင် အာဆင်နယ်အသင်းတာဝန်ရှိသူများမှာ နည်းပြသစ်လျာထားစာရင်းတွင် နည်းပြအရေအတွက် ၁၄ ဦးအထိ ထည့်သွင်းကာ စဉ်းစားနေကြလျက်ရှိသည်။

အာစင်ဝင်းဂါးသည် အာဆင်နယ်အသင်းဒါရိုက်တာဘုတ်အဖွဲ့မှာ လက်ရှိမူဝါဒဖြင့်ပင် ရှေ့ခရီးဆက်ဦးမည်သာဖြစ်သည်ဟု အရိပ်အမြွက် ပြောကြားသွားခဲ့ပြီး နည်းပြသစ်မှာ ယင်းမူဝါဒနှင့်အညီ အလုပ်လုပ်နိုင်ခြင်း မရှိပါက ရာထူးတည်မြဲရန် အာမခံချက် ရနိုင်လိမ့်မည်မဟုတ်ဟုလည်း ၎င်းက ဆက်လက် ရှင်းပြသွားခဲ့သေးသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် အာစင်ဝင်းဂါးက “နည်းပြသစ်ခန့်အပ်ရေးအစီအစဉ်ကို ကျွန်တော် ၀င်ရောက်စွက်ဖက်အကြံပေးသွားဖို့ မရှိပါဘူး။ ဒါပေမဲ့ နည်းပြသစ်ဘက်က လိုက်နာရမယ့် အရေးပါတဲ့စည်းမျဉ်းတစ်ချို့ကို ကျွန်တော် အသိပေးလိုပါတယ်။ ကျွန်တော့်နေရာကို ဆက်ခံမယ့်သူဟာ အရိုးရှင်းဆုံးပြောရရင် ကျွန်တော့်လိုပဲ အလုပ်လုပ်တတ်ရမှာပါ။ အသင်းကို ကိုယ်ပိုင်ဆိုင်တဲ့အသင်းအဖြစ် သဘောထားပြီး ဒီအသင်း အကျိုးစီးပွားဖြစ်ထွန်းရေးကို သူ့အနေနဲ့ ဦးတည်နိုင်ရပါလိမ့်မယ်။ အဲ့ဒီလိုမှ မဟုတ်ရင်တော့ နည်းပြသစ်အတွက် ကာလရှည်ကြာ ရာထူးတည်မြဲဖို့က လွယ်နိုင်မှာ မဟုတ်ပါဘူး”ဟု မှတ်ချက်ပေးသွားခဲ့သည်။




FOLLOW US