News

POST TAGGED AS

AL KHELAIFI

ဒိုင်လူကြီးဖြစ်သူ၏ဆုံးဖြတ်ချက်အမှားကြောင့် ကြီးစွာသောနစ်နာမှုဖြင့် ကြုံဆုံခဲ့ရကြောင်း ပီအက်စ်ဂျီအသင်းပိုင်ရှင် ပြစ်တင်ဝေဖန်

ပဲရစ်၊ ဖေဖော်ဝါရီ ၁၅

ပီအက်စ်ဂျီအသင်းပိုင်ရှင် အယ်လ်ခီလိုင်ဖီသည် ရီးရဲလ်မက်ဒရစ်က ပီအက်စ်ဂျီကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်တွင် ၎င်းတို့အနေနှင့် ဒိုင်လူကြီးဖြစ်သူ၏ဆုံးဖြတ်ချက်အမှားကြောင့် ကြီးစွာသောနစ်နာမှုဖြင့် ရင်ဆိုင်ကြုံဆုံခဲ့ရသည်ဟု ဝေဖန်ပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။

ရီးရဲလ်မက်ဒရစ်နှင့် ပီအက်စ်ဂျီတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်ကို အီတလီကွင်းလယ်ဒိုင်လူကြီး ဂီယန်လူကာ ရော့ချီက တာဝန်ယူ ပွဲကြီးကြပ်ခဲ့ကာ ၎င်းတို့အနေနှင့် အဖွင့်ဂိုးသွင်းယူ၍ ပွဲကို ဦးဆောင်ခွင့်ရခဲ့သော်လည်း ဒိုင်လူကြီးက ရီးရဲလ်မက်ဒရစ်အသင်း အသာရစေမည့် ဆုံးဖြတ်ချက်အမှားများကို ဆက်တိုက်ချမှတ်လိုက်ခြင်းကြောင့် အဆုံးသတ်တွင် အရှုံးရလဒ်ကြုံဆုံရသည့်အခြေအနေ ဖြစ်ပေါ်လာခဲ့ရခြင်းဖြစ်သည်ဟု အယ်လ်ခီလိုင်ဖီက မှတ်ချက်ပေးအပ်သွားခဲ့သည်။

အယ်လ်ခီလိုင်ဖီသည် ရီးရဲလ်မက်ဒရစ်အသင်းကို ပင်နယ်တီကန်ခွင့် ပေးအပ်လိုက်သည့်ဖြစ်စဉ်တွင် ဒိုင်လူကြီး ရော့ချီ၏ဆုံးဖြတ်ချက်မှာ လွန်စွာပြင်းထန်လွန်းခဲ့ကြောင်းလည်း ထောက်ပြသွားခဲ့ပြီး ၎င်းတို့၏ကွင်းလယ်ကစားသမား ရာဘီအော့တ်၏ကန်ချက် ရီးရဲလ်မက်ဒရစ်နောက်ခံလူ ရာမို့စ်၏လက်ကို သွားရောက်ထိမှန်ခဲ့သည့်ဖြစ်စဉ်မှာလည်း ပင်နယ်တီပေးရမည်သာဖြစ်ကြောင်း အယ်လ်ခီလိုင်ဖီက မကျေမချမ်း ပြောကြားသွားခဲ့သည်။

ပီအက်စ်ဂျီနည်းပြ ယူနိုင်းအမ်မရီသည် ရီးရဲလ်မက်ဒရစ်ကို ပထမအကျော့တွင် သုံးဂိုး တစ်ဂိုးဖြင့် အရေးနိမ့်လိုက်ရသော်လည်း ၎င်းတို့အနေနှင့် နောက်တစ်ဆင့်တက်ရောက်နိုင်ရန်အတွက် အခွင့်အရေး အပြည့်အ၀ ကျန်ရှိနေသေးသည်ဟု အခိုင်အမာ ယုံကြည်ထားပြီး အိမ်ကွင်းတွင် လက်ခံကစားရမည့် ဒုတိယအကျော့ပွဲစဉ်၌ ပထမအကျော့အရှုံးရလဒ်ကို ပြောင်းပြန်လှန်ကာ နောက်တစ်ဆင့်တက်မည်ဟု ယူနိုင်းအမ်မရီက ကြုံးဝါးပြောဆိုသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် အယ်လ်ခီလိုင်ဖီက “ကွင်းလယ်ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်အမှားတွေကြောင့် ကျွန်တော်တို့ အရမ်းပဲ အထိနာခဲ့ရပါတယ်။ ကျွန်တော်တို့က ရီးရဲလ်မက်ဒရစ်ထက် ပိုကောင်းအောင် ကစားပြနိုင်ခဲ့သလို ဂိုးသွင်းယူဖို့ အခွင့်အလမ်းတွေလည်း ပိုပြီး ဖန်တီးရယူနိုင်ခဲ့ပါတယ်။ ဒိုင်လူကြီးသာ အမှားမများခဲ့ဘူးဆိုရင် အခုထက်ပိုမိုကောင်းမွန်တဲ့ ရလဒ်တစ်ခုကို ကျွန်တော်တို့ ရယူနိုင်ခဲ့မှာ မလွဲမသွေပါပဲ။ ရှင်းရှင်းပြောရရင် ရီးရဲလ်မက်ဒရစ် အနိုင်ရအောင် ဒိုင်လူကြီးက အကူအညီတွေ ပေးသွားခဲ့တာပါ”ဟု အသိပေးသွားခဲ့သည်။




FOLLOW US