News

23-Aug-2018

Soccer Premier League Manchester City Muric
အငှားချထားသော ဂိုးသမား မူရစ်ကို မန်စီးတီး ပြန်လည်ခေါ်ယူ

မန်ချက်စတာ၊ သြဂုတ် ၂၃

ဂိုးသမားအခက်အခဲကြုံနေရသော မန်စီးတီးအသင်းသည် နယ်သာလန်ကလပ် အင်န်အေစီ ဘရီဒါထံသို့ အငှားချထားသည့် ဂိုးသမား အေရိုမူရစ်ကို အသင်းထံသို့ ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် အစောပိုင်း၌ ရီးရဲလ်မက်ဒရစ်ဂိုးသမား ကေလာနားဗတ်စ်နှင့် ဘာစီလိုနာဂိုးသမား ဆီလက်စ်ဆန်တို့အနက်မှနေ၍ တစ်ဦးကို အရေးပေါ်အငှားခေါ်ယူရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာအသင်းများက ၎င်းတို့၏ဂိုးသမားများကို လက်လွှတ်ဖွယ်အရိပ်အယောင်များ မရှိသည့်အခြေအနေ ဖြစ်ပေါ်လာခဲ့အပြီးတွင် မူရစ်ကို အသင်းထံသို့ ပြန်လည်ခေါ်ယူရန်ကိုသာ ဂွါဒီယိုလာက ဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်။

မန်စီးတီးအရန်ဂိုးသမား ဘရာဗိုသည် လေ့ကျင့်ရေးအစီအစဉ်တွင် ခြေဖနောင့်ကြောထိခိုက်ဒဏ်ရာရသွားသည့်အတွက် ခြောက်လခန့် အနားယူရတော့မည်ဖြစ်ပြီး ယင်းအတွက် မန်စီးတီးမှာ အရန်ဂိုးသမားတစ်ဦး အရေးပေါ်ခေါ်ယူရန် လိုအပ်သွားခဲ့ခြင်းဖြစ်သည်။

အရပ် ၆ ပေ ၅ လက်မရှိသည့် မူရစ်သည် မန်စီးတီးအသင်းအနာဂတ်အတွက် အရေးပါသောဂိုးသမားတစ်ဦးဖြစ်လာနိုင်ဖွယ်ရှိသူအဖြစ် သတ်မှတ်ခံထားရပြီး လက်ရှိတွင် လူငယ်ဂိုးသမား ဂရင်းမ်ရှောကိုလည်း တတိယဦးစားပေးအဖြစ် အသုံးပြုနိုင်စေရန် နည်းပြဂွါဒီယိုလာက အသင်းကြီးထံသို့ ခေါ်ယူထားပြီဖြစ်သည်။




FOLLOW US