News

17-Jul-2018

Soccer World Cup France Adil Rami
လက်ရွေးစင်ကစားသမားဘ၀က အနားယူပြီဖြစ်ကြောင်း အဒဲလ်ရာမီ ထုတ်ပြန်ကြေညာ

ပဲရစ်၊ ဇူလိုင် ၁၇

ပြင်သစ်လက်ရွေးစင်နောက်ခံကစားသမား အဒဲလ်ရာမီသည် ပြင်သစ်က ခရိုအေးရှားကို လေးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးတွင် ၎င်းအနေနှင့် လက်ရွေးစင်ကစားသမားဘ၀က အနားယူပြီဖြစ်ကြောင်း ထုတ်ဖော်အသိပေး ကြေညာသွားခဲ့သည်ဟု The Sun က ဖော်ပြထားသည်။

ရာမီသည် လက်ရွေးစင်ကစားသမားဘ၀က အနားယူချိန်တွင် အသက် ၃၂ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ၎င်းမှာ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ဖြတ်သန်းစဉ်ကာလအတွင်း ပြင်သစ်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ပွဲစဉ်ပေါင်း ၃၅ ပွဲအထိ ပါဝင်ကစားပေးခွင့် ရရှိခဲ့သူဖြစ်သည်။

ရာမီသည် ၎င်းအနေနှင့် စုစည်းအားအကောင်းဆုံး ပြင်သစ်လက်ရွေးစင်အသင်းတွင် အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ခွင့်ရခဲ့သည့်အတွက် လွန်စွာ ၀မ်းမြောက်ဂုဏ်ယူမိကြောင်းလည်း မှတ်ချက်စကားဆိုသွားခဲ့ပြီး ပြင်သစ်အသင်းနှင့်အတူ ထိပ်တန်းအဆင့် နိုင်ငံတကာပြိုင်ပွဲတစ်ရပ်တွင် ချန်ပီယံဖြစ်လိုသော ၎င်း၏ဆန္ဒမှာ ပြည့်ဝခဲ့ပြီဖြစ်၍ လက်ရွေးစင်ကစားသမားဘ၀က အနားယူရန် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ခြင်းဖြစ်ပါကြောင်း ရာမီက ရှင်းပြသွားခဲ့သည်။

ရာမီသည် ပြင်သစ်အသင်းမှာ ယခုကဲ့သို့ အောင်မြင်မှုမျိုးကိုရရှိရန် လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့်ကတည်းကပင် ထိုက်တန်ခဲ့ကြောင်း၊ ယူရို ၂၀၁၆ ပြိုင်ပွဲတွင် ဗိုလ်စွဲရန် အခွင့်အလမ်းကောင်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့သော်လည်း ကံကြမ္မာက ၎င်းတို့ကို ခွင့်မပြုခဲ့ကြောင်း၊ ယခုအချိန်တွင်မူ အရာအားလုံးကို အောင်မြင်မှုနှင့်အတူ ပြင်သစ်အသင်းက အဆုံးသတ်ပြလိုက်နိုင်ပြီဖြစ်ကြောင်းလည်း ဆက်လက်ပြောကြားသွားခဲ့သည်။




FOLLOW US