News

27-Aug-2018

Soccer Premier League Arsenal Ozil Unai Emery
နေရာပြောင်းလဲကစားခိုင်းခြင်းကြောင့် ဖျားနေသည်ဟု အိုဇေးလ် အကြောင်းပြလိုက်ခြင်းဖြစ်

လန်ဒန်၊ သြဂုတ် ၂၇

အာဆင်နယ်ကွင်းလယ်ကစားသမား အိုဇေးလ်သည် အာဆင်နယ်က ၀က်စ်ဟမ်းကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းလူစာရင်း၌ ပါဝင်လာခြင်း မရှိခဲ့သည်မှာ နည်းပြ ယူနိုင်း အမ်မရီက ၎င်းကို မူလကစားနေကျနေရာမှနေ၍ အခြားနေရာတစ်ခုသို့ ရွှေ့ပြောင်းကစားစေရန် စီစဉ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။

အိုဇေးလ်သည် နည်းပြဖြစ်သူက ၎င်းကို နေရာပြောင်းရွှေ့ကစားပေးပါရန် ပြောကြားလာခဲ့အပြီးတွင် ဖျားနာနေသည်ဟု အကြောင်းပြကာ အသင်းလူစာရင်းမှနေ၍ နုတ်ထွက်ပစ်လိုက်ခြင်းဖြစ်ကြောင်း ယင်းကိစ္စကြောင့် ၎င်းတို့နှစ်ဦးအကြားတွင် စကားအချေအတင်ဖြစ်ခဲ့သေးကြောင်းလည်း ဆက်စပ်သတင်းများ ထွက်ပေါ်နေသည်။

နည်းပြ အမ်မရီသည် ၎င်းနှင့် အိုးဇေးလ်အကြားတွင် ပြဿနာတစ်စုံတစ်ရာမရှိဟု အသိပေးထားသော်လည်း အိုဇေးလ်ကမူ ၎င်းကို ကြိုးစားအားထုတ်မှုများလျော့ကျနေသည်ဟု သတိပေးစကားပြောကြားလာချိန်ကတည်းကပင် နည်းပြ အမ်မရီကို အမြင်မကြည်ဖြစ်နေခဲ့ခြင်းဖြစ်ကာ အာဆင်နယ်ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း အဖျားဝေဒနာအကြောင်းပြ၍ ပွဲကစားရမည့်တာဝန်ကို အိုဇေးလ် ရှောင်လွှဲခဲ့သည်မှာ ခုနစ်ကြိမ်တိုင်ရှိလာခဲ့ပြီလည်းဖြစ်သည်။

နည်းပြ အမ်မရီသည် ၀က်စ်ဟမ်းနှင့်ပွဲတွင် အာဆင်နယ်အတွက် နိုင်ပွဲစတင် ရယူပေးလိုက်နိုင်ခြင်းကို လွန်စွာ ကျေနပ်အားရဖြစ်နေပြီး အသင်း၏ကစားပုံမှာ တစ်ပွဲထက်တစ်ပွဲ ပိုမိုကောင်းမွန်လာသည့်အတွက် ကျေနပ်အားရမိပါကြောင်း အမ်မရီက မှတ်ချက်ပေးသွားခဲ့သည်။




FOLLOW US