News

POST TAGGED AS

ABRAMOVICH

26-Aug-2018

Soccer Premier League Chelsea Abramovich
ချယ်လ်ဆီးအသင်းကို အေဘရာမိုဗစ်ခ်ျ အရောင်းဈေးကွက်တင်

လန်ဒန်၊ သြဂုတ် ၂၆

ချယ်လ်ဆီးအသင်းပိုင်ရှင် ရုရှားသန်းကြွယ်သူဌေး အေဘရာမိုဗစ်ခ်ျသည် အသင်းကို အရောင်းဈေးကွက်တင်လိုက်ပြီဖြစ်ပြီး ပေါင်နှစ်ဘီလီယံပမာဏရှိ ကမ္ဘာ့စံချိန်တင် တန်ကြေးတစ်ရပ်ဖြင့် ကမ်းလှမ်းလာခဲ့မည်ဆိုပါက အေဘရာမိုဗစ်ခ်ျမှာ အသင်းကို ပိုင်ရှင်သစ်ထံသို့ လက်လွှဲရောင်းထုတ်လိုက်ဖွယ်ရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

အေဘရာမိုဗစ်ခ်ျသည် ဗြိတိန်တစ်ဝှမ်းတွင် ရုရှားလူမျိုးဆန့်ကျင်ရေးလှုပ်ရှားမှုများ ယခုအချိန်တိုင်သည်အထိ အရှိန်မြင့်တက်နေသည်ကို လွန်စွာ စိတ်ပျက်လက်ပျက်ဖြစ်နေပြီး ယင်းဂယက်၏ရိုက်ခတ်မှုက ၎င်းကို ဗြိတိန်သို့ ပြည်ဝင်ခွင့်မရစေရန် အရှိန်မြင့်တက်လာခဲ့အပြီးတွင် အသင်းကို ရောင်းထုတ်ရန် အေဘရာမိုဗစ်ခ်ျက ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ဗြိတိန်အစိုးရအာဏာပိုင်များသည် လက်ရှိတွင် ရုရှားသမ္မတ ပူတင်နှင့် ပုဂ္ဂိုလ်ရေးအရ လွန်စွာ ရင်းနှီးသည့် ဆက်ဆံရေးတစ်ရပ် တည်ထောင်ထားသော အေဘရာမိုဗစ်ခ်ျ၏ပိုင်ဆိုင်မှုများကို စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး ဗြိတိန်အစိုးရအာဏာပိုင်များ၏လုပ်ရပ်ကို ၎င်းအနေနှင့် လွန်စွာ စိတ်ပျက်လက်ပျက်ဖြစ်ရသည်ဟုလည်း အေဘရာမိုဗစ်ခ်ျက ပြောကြားထားပြီဖြစ်သည်။

အေဘရာမိုဗစ်ခ်ျသည် ချယ်လ်ဆီးအသင်းကို လက်လွှဲရောင်းချနိုင်ရန်အတွက် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် ရိုင်နီဘဏ်လုပ်ငန်းစုကို ကြားခံထား၍ ၀ယ်လက်ရှာဖွေနေပြီး ချယ်လ်ဆီးမှာ အေဘရာမိုဗစ်ခ်ျ၏ဦးဆောင်မှုအောက်တွင် ၁၅ နှစ်ကြာ လည်ပတ်ဖြတ်သန်းခဲ့ရာ၌ ဆုဖလားစုစုပေါင်း ၁၅ လုံး ဆွတ်ခူးရရှိသည်အထိ အောင်မြင်မှုရယူထားနိုင်ပြီးဖြစ်သည်။

ရိုင်နီဘဏ်လုပ်ငန်းစုသည် မန်စီးတီးအသင်းပိုင်ရှင် ရှိတ်မန်ဆော်၏တစ်ဝမ်းကွဲအစ်ကိုဖြစ်သူ ရှိတ်ခါလစ်ထံသို့ ချယ်လ်ဆီးကိုဝယ်ယူရန် ကမ်းလှမ်းဖွယ်ရှိနေပြီး လီဗာပူးကို ပေါင်နှစ်ဘီလီယံဖြင့် ၀ယ်ယူရန် ကြိုးပမ်းရာတွင် အောင်မြင်မှုမရခဲ့သော ရှိတ်ခါလစ်မှာ လက်ရှိအချိန်တိုင်သည်အထိ ပရီးမီးယားလိဂ်ဘောလုံးအသင်းတစ်သင်းကို ပိုင်ဆိုင်ခွင့်ရနိုင်ရန် ဆန္ဒရှိနေဆဲဖြစ်သည်။




FOLLOW US