News

06-Oct-2017

ARSA
ဘင်္ဂလားဒေ့ရှ်ပြန် ဟိန္ဒူဘာသာဝင်များကို သီးသန့်ထား
ရန်ကုန်၊ အောက်တိုဘာ ၅

ARSA အကြမ်းဖက်အဖွဲ့များ ဖမ်းဆီးခေါ်ဆောင်သွားသော ဟိန္ဒူဘာသာဝင် ၁၆ ဦးကို နှစ်နိုင်ငံ သံတမန်လမ်းကြောင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ထားပြီး လုံခြုံရေး အခြေအနေကြောင့် စိတ်ချရသော နေရာတွင် ထားရှိကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက The Voice သတင်းစာသို့ အတည်ပြု ပြောဆိုသည်။
“လောလောဆယ် သူတို့ကို ဘယ်မှာထားလဲဆိုရင် လုံခြုံရေးအရ တိတိကျကျပြောဖို့ ခက်တယ်။ ရခိုင်မှာပဲ ထားရှိထားတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

ဩဂုတ်လ ၂၅ ရက်နေ့၌ ARSA အကြမ်းဖက်အဖွဲ့သည် ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသများရှိ ရဲစခန်းများကို တိုက်ခိုက်ပြီးနောက် မောင်တောမြို့နယ်၊ ရဲဘော်ကျကျေးရွာမှ ဟိန္ဒူဘာသာဝင် အမျိုးသမီး ၈ ဦးနှင့် ကလေးငယ် ၈ ဦး၊ ဟိန္ဒူဘာသာဝင် စုစုပေါင်း ၁၆ ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခေါ်ဆောင်သွားခဲ့သည်။

ဖမ်းဆီးခံရသည့် အမျိုးသမီး ၈ ဦး အနက်မှ အပျိုဖြစ်သည့် အသက် ၁၅ နှစ် အရွယ် မရာခ်ျကူမာရီကို ဘင်္ဂါလီတစ်ဦးနှင့် လက်ထပ်ပေးစားရန် စီစဉ်နေစဉ် ကူတူပါလောင် ဒုက္ခသည်စခန်းတွင် အလုပ်လုပ်ကိုင်နေသည့် ဟိန္ဒူဘာသာဝင် ဘာဘူဆိုသူက သိရှိကာ ဟိန္ဒူဘာသာရေး ခေါင်းဆောင်ထံ ဆက်သွယ်သတင်းပေးပို့ခဲ့သည်။

ယင်းနောက် ဟိန္ဒူဘာသာရေး ခေါင်းဆောင်က BGG တပ်ဖွဲ့ဝင် ဟိန္ဒူဘာသာဝင်တစ်ဦးနှင့် ဆက်သွယ်၍ အဆိုပါ ဒုက္ခသည်စခန်းသို့ သွားရောက်ရှာဖွေခဲ့ရာမှ အမျိုးသမီး ၈ ဦးနှင့် ကလေးငယ်များကို တွေ့ရှိခဲ့ကြောင်း၊ ဒုက္ခသည်စခန်းတွင် ရောနှောနေထိုင်သည့် အကြမ်းဖက်သမားများ ထွက်ပြေးတိမ်းရှောင်သွားကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုနောက် နိုင်ငံတော်အတိုင်ပင်ခံသည် သံတမန်နည်းလမ်းအရ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အောက်တိုဘာလ ၂ ရက် နေ့မှ ၃ ရက်နေ့အထိ စေလွှတ်ခဲ့သည်။

ယင်းဟိန္ဒူဘာသာဝင်များသည် အောက်တိုဘာလ ၄ ရက်နေ့၌ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။

ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေသော တပ်မတော်အရာရှိတစ်ဦးကမူ အဆိုပါ ဟိန္ဒူဘာသာဝင်များကို လက်ရှိအချိန်၌ ရခိုင်ပြည်နယ်ရှိ တပ်မတော်စစ်စခန်း တစ်ခုတွင် ထားရှိကြောင်း ပြောဆိုသည်။

ထိုကဲ့သို့ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာသော ဟိန္ဒူဘာသာဝင်များသည် ဖြစ်ပေါ်ခဲ့သော ARSA အကြမ်းဖက်ဖွဲ့၏ ဆောင်ရွက်ချက်များကို ဖော်ထုတ်နိုင်သော မျက်မြင်သက်သေများဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးတင်မောင်ဆွေက ဆိုသည်။
“လုပ်သင့်တာတွေ ကျွန်တော်တို့ဘက်က ဆက်လုပ်မယ်။ ဖြစ်စဉ်တွေ တစ်ခုလုံးမှာ သူတို့က မျက်မြင်သက်သေတွေ များစွာအထောက်အကူပြုတယ်” ဟု ဦးတင်မောင်ဆွေက ပြောသည်။

ARSA အကြမ်းဖက်အဖွဲ့များသည် ဩဂုတ်လ ၂၅ ရက်နေ့၌ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော မြို့နယ်များရှိ နယ်ခြားစောင့်ရဲကင်းများ၊ ရဲစခန်းများ ဝင်ရောက်တိုက်ခိုက်မှု နောက်ပိုင်းတွင်း ဘူးသီးတောင်မြို့နယ်ရှိ ခမောင်းဆိပ်ကျေးရွာအုပ်စု ရဲဖော်ကျကျေးရွာနှင့် ခမောင်းဆိပ်တောင်ရွာ၌ နေထိုင်ကြသော ဟိန္ဒူဘာသာဝင် ၁၀၂ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံ ဟိန္ဒူဘာသာရေး ခေါင်းဆောင်များက အတည်ပြု ထုတ်ပြန်ခဲ့သည်။

ယင်းကဲ့သို့ ပျောက်ဆုံးနေသော ဟိန္ဒူဘာသာဝင်များကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့်အတူ သွားရောက်ရှာဖွေရာတွင် စက်တင်ဘာလ ၂၄ ရက်၌ ဟိန္ဒူဘာသာဝင် အလောင်း ၂၈ လောင်း၊ စက်တင်ဘာလ ၂၅ ရက်၌ ၁၇ လောင်း စုစုပေါင်း ၄၅ လောင်း တွေ့ရှိခဲ့သည်။            

J-07



FOLLOW US