News

27-Sep-2017

မောင်တော ARSA
ARSA တို့ ကျူးလွန်ခဲ့သည့် Genocide နှင့် နိုင်ငံပိုင် မီဒီယာ၏ အခန်းကဏ္ဍ
မောင်တောမြို့နယ် ရဲဘော်ကျားကျေးရွာ အနောက်မြောက်ဘက် မီတာ ၁၂၀ဝ အကွာ အနီးတစ်ဝိုက်တွင် စက်တင်ဘာလ ၂၄ နှင့် ၂၅ ရက်နေ့က ဟိန္ဒူဘာသာဝင် အလောင်း ၄၅ လောင်းကို ရှာဖွေတူးဖော် တွေ့ရှိခဲ့ကြောင်း သိရသည်။ ထိုသို့ တွေ့ရှိခြင်းမှာလည်း မောင်တောလေးမိုင်မှ ဟိန္ဒူဘာသာဝင် ဦးနီမောလ် (ဟိန္ဒူဘာသာဝင် ကူညီရေး ခေါင်းဆောင်)ထံ တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေသည့် ရဲဘော်ကျား ကျေးရွာနေသူတစ်ဦးက ဖုန်းဆက်သွယ်ပြောကြားချက်အရ သွားရောက် ရှာဖွေကြရာမှ တွေ့ရှိကြရခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီက တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။ တူးဖော်ရရှိသည့် ရုပ်အလောင်းများမှာ ကျား ၂၅ ဦးနှင့် မ ၂၀ ဦးတို့ ဖြစ်သည်။

သတ်ဖြတ်ခံခဲ့ရသည့် ဟိန္ဒူမိသားစုမှ ကျန်နေခဲ့သည့်သူများ၏ ပြောကြားချက်အရ ဩဂုတ်လ ၂၅ ရက်နေ့က ARSA အစွန်းရောက် အကြမ်းဖက်သမား ၃၀ဝ ခန့်သည် ရဲဘော်ကျားကျေးရွာရှိ အမျိုးသား၊ အမျိုးသမီး ၁၀ဝ ဦးခန့်အား ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း၊ ရွာ၏ အနောက်ဘက် မီတာ ၁၀ဝ၀ ခန့်အကွာသို့ ရောက်ရှိစဉ် အမျိုးသား၊ အမျိုးသမီးများအား သတ်ဖြတ်ကာ အမျိုးသမီး ၈ ဦးအား အစ္စလာမ်ဘာသာသို့ ဝင်ခိုင်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင် ဒုက္ခသည်စခန်းရှိ ဟိန္ဒူဘာသာဝင်တစ်ဦး၏ နေအိမ်တွင် နေထိုင်လျက်ရှိကြောင်း သိရသည်။ ၎င်းတို့၏ပြောကြားချက်အရဆိုလည်း အခြား သတ်ဖြတ်ခံရသူ ၅၀ ကျော်၏ ရုပ်အလောင်းများ ကျန်ရှိနေနိုင်နေသေးသဖြင့် ဆက်လက် ရှာဖွေနေဆဲဖြစ်သည်။

သေဆုံးသူများကို စစ်ဆေးချက်အရ လက်ပြန်ကြိုးတုပ်လျက် တွေ့ရှိရပြီး လည်ပင်းလှီးဖြတ်ဒဏ်ရာ၊ ချွန်ထက်သောအရာများဖြင့် ထိုးသွင်းထားသော ဒဏ်ရာများကြောင့် လွန်ခဲ့သော ၁ လခန့်က သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုသေဆုံးသူများ တူးဖော်ရရှိသည့်နေရာသို့ ကိုယ်တိုင် ကိုယ်ကျ သွားရောက်ခဲ့သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက “အာဆာ(ARSA) အစွန်းရောက် အကြမ်းဖက်သမားများ၏ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသော ဟိန္ဒူဘာသာဝင်များ၏ သတင်းကို နိုင်ငံတကာက သိနိုင်ရန် နိုင်ငံတကာ သံတမန်များနှင့် ပြည်တွင်း၊ ပြည်ပ မီဒီယာများအား အသိပေးမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်ကို တွေ့ရသည်။ နိုင်ငံတကာ သံတမန်များ အနေဖြင့် စက်တင်ဘာ ၂၈ ရက်တွင် လာရောက်မည်ဟု လတ်တလော သိရှိထားပြီး ယင်းခရီးစဉ်၌ ပြည်တွင်း၊ ပြည်ပမီဒီယာများလည်း ပါဝင်မည်ဖြစ်ကြောင်း ဝန်ကြီးကဆိုသည်။ ရုပ်အလောင်းများကို ကျန်ရစ်သူ မိသားစုဝင်များ၏ဆန္ဒအရ လတ်တလော မီးသင်္ဂြိုဟ်ခြင်း မပြုသေးဘဲ ပျောက်ဆုံးသူများကို ဆက်လက် ရှာဖွေနေကြောင်းလည်း သိရသည်။

ထိုသတင်းများနှင့်ပတ်သက်၍ စက်တင်ဘာလ ၂၂ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးစီးပြုလုပ်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီဝင်များအား တွေ့ဆုံလမ်းညွှန်သည့် အစည်းအဝေးတွင် ARSA အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခြင်းခံရသည့် တမန်းသားကျေးရွာမှ ပျောက်ဆုံးနေသာ ဟိန္ဒူဘာသာဝင် ၉၃ ဦး အခြေအနေ အမြန်ဆုံး သိရှိနိုင်ရန်အတွက် ရှာဖွေမှု တိုးမြှင့်ဆောင်ရွက်ရန်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ရှိ ဒုက္ခသည်စခန်းတွင် အသက်မသေဘဲ ရောက်ရှိနေသည်ဟု သတင်းထွက်ပေါ်နေရသော ဟိန္ဒူဘာသာဝင် အမျိုးသမီး ၆ ဦးနှင့် ကလေးငယ် ၃ ဦးတို့အား မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ယူနိုင်ရေး နယ်ခြားစောင့်တပ်များ အချင်းချင်း တောင်းခံထားပြီးဖြစ်သော်လည်း သံတမန်လမ်းကြောင်းမှတစ်ဆင့်လည်း ထပ်မံ တောင်းခံသွားရန်တို့ ပါရှိခဲ့ဖူးသည်ကို မှတ်မိနေခဲ့သည်။

အမှန်ဆိုလျှင် ထိုရွာသားများ အသတ်ခံရမှုမှာ ယခုရက်ပိုင်းတွင် တစ်လတင်းတင်းပြည့် မြောက်ခဲ့ပြီဖြစ်ပြီး ဖြစ်စဉ်ဖြစ်ပွားပြီး နှစ်ပတ်ကျော်ကာလ (ဩဂုတ်လကုန်ပိုင်း)တွင် အစွန်းရောက် အကြမ်းဖက်သမားများက ထိုရွာသို့ လာတိုက်ခိုက် သတ်ဖြတ်ကြသည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက် အင်တာနက် စာမျက်နှာများအပေါ်တွင် အတော် ပျံ့နှံ့နေခဲ့သည်။ သို့သော်လည်း ထိုသတင်းအပေါ် ဆိုင်ရာမှ တရားဝင် ထုတ်ပြန်ခြင်း အလျဉ်း မတွေ့ရှိရပေ။ ထို့အပြင် ထိုဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်ကြရန် ရေးသားတင်ပြထားကြသည့် စာများသည်လည်း အတော်ပျံ့နှံ့ခဲ့ဖူးသည်။ ထိုသတင်းမှာ အမှန်တကယ် မြေပြင်တွင် ဖြစ်ပွားခဲ့သည်မှာ မှန်သော်လည်း သတင်းထုတ်ပြန်ရေး ကော်မတီက တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိခဲ့သဖြင့် အချို့က သိသိကြီးဖြင့်ပင် ရေငုံနှုတ်ပိတ်နေကာ သတင်းစာ စာမျက်နှာများ ထက်သို့ပင် မရောက်လာခဲ့တော့ချေ။ ယခုမူ ဖြစ်ပွားပြီး တစ်လတိတိကြာချိန် စက်တင်ဘာလ ၂၄၊ ၂၅ ရက်နေ့မှသာ ပါဝင်သတ်ဖြတ်ခံရသည့် မိသားစုများကိုယ်တိုင် သတင်းပေးပြီး တာဝန်ရှိသူများဖြင့်ပါ ပူးပေါင်းဖော်ထုတ်မှသာ အဖြစ်မှန်ကို တွေ့ရှိလာရခြင်းဖြစ်သည်။

လတ်တလော ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ အင်အားကြီး နိုင်ငံအချို့နှင့် နိုင်ငံတကာ သတင်းမီဒီယာ အများစုက မြန်မာအစိုးရကို ရှုတ်ချနေပြီး ယင်းကဲ့သို့ဖြစ်စဉ်သည် မြန်မာအစိုးရ၏ သတင်းထုတ်ပြန်မှု လိုအပ်ချက်ကြောင့် ဖြစ်သည်ဆိုသည်မှာ ငြင်းမရပေ။ ယခုလက်ရှိအချိန်တွင်လည်း မြေပြင် အခြေအနေများကို လက်ငင်းချက်ချင်း ကမ္ဘာသို့ ပြသနိုင်ရန် နိုင်ငံတကာ သတင်းထောက်များနှင့် ပြည်တွင်း သတင်းထောက်များအား မောင်တောဒေသသို့ အမြန်ဆုံး ခေါ်ဆောင်ကာ သတင်းရယူခွင့်ပေးရန် အထူး လိုအပ်လာနေချိန်ဖြစ်သည်။

ယခုလို အမှန်တွေ့ရှိရသည့်သတင်းကို လက်ငင်း ချက်ချင်း အသုံးချပြီး မမှန်သတင်းများကို တန်ပြန်ချေပရန်၊ ARSA အစွန်းရောက် အကြမ်းဖက်သမားတို့က လူမျိုးနွယ်စု တစ်စုအား အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း (Genoside) ကို သက်သေ အထောက်အထား၊ ဓာတ်ပုံမှတ်တမ်းများ ဝေဝေဆာဆာနှင့် နိုင်ငံပိုင်ရုပ်သံများကလည်း အခြားနိုင်ငံများမှ သတင်းဌာနများဖြစ်သည့် CNN, BBC, VOA နှင့် Aljazeera ရုပ်သံလိုင်းများကဲ့သို့  တစ်နာရီခြား စဉ်ဆက်မပြတ် ထုတ်လွှင့်နေရမည့်အချိန်ဖြစ်သည်။ ဆိုလိုချင်သည်မှာ မမှန်သတင်းများအတွက် မိမိတို့က တန်ပြန်ကာ မှန်ကန်သည့်သတင်းများကို အချိန်မဆိုင်းဘဲ စဉ်ဆက်မပြတ် ထုတ်လွှင့်နေခြင်းကို ပြောလိုရင်းဖြစ်သည်။ ယခုဆိုလျှင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီရှိ Time Now သတင်းဌာနနှင့် အခြားသတင်းဌာနများကပင်လျှင် ထိုသတင်းကို Rohinjas blamed For mass Murder ခေါင်းစဉ်ဖြင့် အဆက်မပြတ် ထုတ်လွှင့်နေသည်ကို တွေ့ရသည်။

အဆိုပါဟိန္ဒူများ အစုလိုက် အပြုံလိုက် အသတ်ခံရမှုနှင့်ပတ်သက်ပြီး “ဒီသတင်းတွေထွက်နေတာ နှစ်ပတ်ကျော်၊ သုံးပတ်လောက် ရှိပြီ။ ဧရာဝတီမှာဆိုရင် ဒါဇင်နဲ့ချီ အသတ်ခံရတာဆိုပြီး သတင်းတက်နေတာ ကြာပြီလေ။ အားလုံးက သတင်း အတည်ဖြစ်အောင် မလိုက်နိုင်ဘူး။ ဟိန္ဒူဘာသာရေး ခေါင်းဆောင်တွေ လိုက်ပြီးဖော်ထုတ်ကြတာ။ အမြန်ဆုံးကတော့ ပြည်တွင်း၊ ပြည်ပ သတင်းထောက်တွေကို ဒီဧရိယာဝင်ခွင့်ပေးပြီး သတင်းလိုက်ခိုင်းဖို့ လိုပါတယ်။ ဒါမှသာ မြေပြင် အခြေအနေကို မှန်မှန်ကန်ကန် ဖော်ထုတ်နိုင်မယ်။ လတ်တလော မောင်တောဒေသအရေးတွင် အစိုးရအနေဖြင့် သတင်းထုတ်ပြန်မှု တစ်ခုတည်းကို အားကိုးမနေဘဲ သတင်းလက်ဦးမှုယူရန် လိုအပ်ပါတယ်။ စစ်အစိုးရလက်ထက်က သတင်း အမှောင်ချတဲ့ လုပ်ပုံလုပ်နည်းနဲ့ လုပ်နေလို့ကတော့ ကျွန်တော်တို့က နိုင်ငံတကာမှာ သတင်းလက်ဦးမှု ရနိုင်မှာ မဟုတ်ဘူး။ သတင်းတွေကို ဖွင့်ပေးပြီး လုပ်မှရမယ်။ သတင်းက ပိတ်ထားပေးလေလေ သံသယများလေလေ ဖြစ်မှာပါ”ဟု တိုင်းရင်းသားအရေး ကျွမ်းကျင်သူ ဦးမောင်မောင်စိုးက ပြောကြားကြောင်း သတင်းဌာနတစ်ခုက တင်ပြထားသည်။

အမှန်ဆိုလျှင်လည်း အစိုးရ၏ သတင်းထုတ်ပြန်ရေး ကော်မတီက နောက်ကျနေသည်မှာ အမှန်ပင်ဖြစ်နေသည်။ ထိုသို့ပြောရခြင်းအကြောင်းမှာ ဥပမာအနေဖြင့် စက်တင်ဘာလ ၂၅ ရက်နေ့က တူးဖော်တွေ့ရှိရသည့် အလောင်း ၁၇ လောင်းဆိုလျှင် ယင်းမွန်းလွဲ ၃ နာရီအချိန်ကတည်းကပင် ဒေသခံမီဒီယာများနှင့် လူမှုကွန်ရက် အင်တာနက် စာမျက်နှာများ အထက်တွင် ပျံ့နှံ့နေသော်လည်း သတင်းထုတ်ပြန်ရေး ကော်မတီကမူ အချိန်နှင့်တစ်ပြေးညီ တရားဝင် ကြေညာခြင်းမရှိဘဲ ခါတိုင်းဖြစ်နေကျပုံစံ အတိုင်းသာ ည ၈ နာရီ သတင်းကြေညာချိန်မှသာ တရားဝင်ကြေညာခဲ့သည်ကို တွေ့ခဲ့ရသည်။ ယခုနောက်ပိုင်း လူထုအကြား အစိုးရ၏ သတင်းပြန်ကြားရေး လုပ်ငန်းများကို အားမလို အားမရဖြစ်ကာ ဝေဖန်မှုများ မြင့်တက်နေခဲ့သည်ကိုလည်း ကြားနေရသည်။ ယခုအချိန်တွင် ပြုလုပ်သင့်သည်မှာ မြန်မာနိုင်ငံရှိ ဟိန္ဒူကောင်စီက အိန္ဒိယရှိ ဟိန္ဒူ နိုင်ငံရေးပါတီများ- ရန်ကုန်ရှိ အိန္ဒိယသံရုံးများသို့ ချက်ချင်း အစီရင်ခံ သတင်း အချက်အလက်များ ပေးကြခြင်း၊ ရခိုင်ပြည်နယ် လွှတ်တော်အတွင်းတွင်လည်း ထိုကိစ္စကို အဆို တင်သွင်းကြပြီး ကျယ်ကျယ်လောင်လောင် ဆွေးနွေးကြခြင်းများ ပြုလုပ်ကြရမည် ဖြစ်သည်။

နိဂုံးချုပ်အားဖြင့် တင်ပြလိုရင်းကတော့ နိုင်ငံတော် အစိုးရအနေဖြင့် ယနေ့ ဖြစ်ပေါ်နေသည့် အခြေအနေများကို အမှန်သတင်းများ ရယူခြင်း၊ အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပေးခြင်း၊ ကမ္ဘာ့သတင်း မီဒီယာများထံ အမြန်ရောက်ရှိစေရေး နိုင်ငံတကာ သတင်းဌာနများမှ သတင်းထောက်များနှင့် အခါမလပ်တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲများ မပြတ်ပြုလုပ်နေခြင်း၊ နိုင်ငံပိုင် ရုပ်သံလိုင်းများမှလည်း ထိုအရေးကြီးသည့်သတင်းများကို အခြားနိုင်ငံများမှ သတင်းဌာနများနည်းတူ တစ်နာရီခြား တစ်ကြိမ်ခန့် စဉ်ဆက်မပြတ် ထုတ်လွှင့်ပေးနေခြင်း၊ ယခင်စနစ်ဟောင်း ခေတ်ဟောင်းမှ ကျင့်သုံးခဲ့သည့် သတင်းစိစစ်ခြင်း လုပ်ငန်းစဉ် (Monitoring Process)ထက်မှ ကျော်လွန်ပြီး ခေတ်ကာလအခြေအနေနှင့် လိုက်လျောညီထွေကျစွာ ICT နည်းပညာကို အသုံးချပြီး တန်ပြန် သတင်းဖြန့်ချိခြင်းတို့ကို အခြားသတင်းဌာနများနည်းတူ ပြောင်းလဲပြင်ဆင် ကျင့်သုံးဆောင်ရွက်သင့်ပါကြောင်း အကြံပြုရေးသား တင်ပြလိုက်ရပါသည်။ 

သန်းဖြိုးနိုင်



FOLLOW US