News

17-Sep-2016

NLD ANP
ခွပ်ဒေါင်းနှင့် ဗျာလ - မဆုံသောလမ်း
ရခိုင်ပြည်နယ် အရေးအပေါ် NLD အစိုးရ၏ လုပ်ဆောင်ချက်ကို ရခိုင်အမျိုးသားပါတီ (ANP) က ဆက်တိုက်ကန့်ကွက်နေသည်။ 

NLD အစိုးရက ဖွဲ့စည်းသော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ANP က ကန့်ကွက်သည်။ ယင်းကော်မရှင်ကို ပြည်တွင်းက တတ်သိပညာရှင်များဖြင့်သာ ဖွဲ့စည်းရန် ANP က ပြည်သူ့လွှတ်တော်တွင် အရေးကြီး အဆိုတင်သည်။ ပြည်နယ်လွှတ်တော်တွင်မူ ကော်မရှင်ကို အသိအမှတ်မပြုကြောင်း အရေးကြီးအဆိုတင်သည်။  

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကြီးစိုးသည့် ပြည်သူ့လွှတ်တော်က အဆိုကို အတည်မပြုသော်လည်း ANP ကြီးစိုးသည့် ပြည်နယ်လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြုလိုက်သည်။ NLD ပါတီနှင့် ANP ပါတီတို့အကြား တင်းမာမှုမှာ ယခုမှ အစပြုခြင်း မဟုတ်ပေ။ 

လက်ရှိ အာဏာရပါတီဖြစ်သည့် NLD နှင့် ရခိုင်ပြည်နယ်တွင် လွှတ်တော်ကိုယ်စားလှယ် နေရာအများစု အနိုင်ရသော်လည်း ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ခွင့် မရခဲ့သည့် ANP တို့ကြား တင်းမာမှု ဇာတ်ရှိန်မှာ မြင့်သထက် မြင့်လာခြင်းသာ ဖြစ်သည်။

၁။ ပြည်နယ်အစိုးရ ဖွဲ့စည်းရေး 

ပြည်နယ်အစိုးရ ဖွဲ့စည်းရေးမှာ ပါတီနှစ်ခုကြား ဆက်ဆံရေးကို အနုတ်လက္ခဏာ ဆောင်စေခဲ့သည်။

ပြည်နယ်တွင် လွှတ်တော်ကိုယ်စားလှယ် အများစု အနိုင်ရသည့် ANP ပါတီက ပြည်နယ်အစိုးရ အဖွဲ့ကို ဖွဲ့ခွင့်ရရမည်ဟု သဘောထား ထုတ်ပြန်သည်။ မရလျှင် အတိုက်အခံအဖြစ် ရပ်တည်မည်ဟုလည်း ဆိုသည်။ NLD ပါတီကလည်း အစိုးရ ဖွဲ့စည်းရေးကို လက်မလွှတ်ခဲ့ချေ။ ဥပဒေနှင့်အညီ လုပ်ဆောင်ခြင်းဟု အကြောင်းပြသည်။ 

ပါတီနှစ်ခုကြား တင်းမာမှုမှာ ယင်းအချိန်က အစပြုခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတကသာ ပြည်နယ်ဝန်ကြီးချုပ်ကို အဆိုပြုနိုင်သဖြင့် ပြည်နယ်လွှတ်တော်တွင် ANP က နေရာအများစု အနိုင်ရသော်လည်း အစိုးရဖွဲ့ခွင့်မှာ သမ္မတကို တင်မြှောက်နိုင်သည့် NLD လက်ထဲတွင်သာ ရှိသည်။ ANP ကို အစိုးရဖွဲ့ခွင့် ပေးလိုလျှင် ပေးနိုင်သည်။  

NLD အစဉ်တစိုက် ရပ်တည်လာခဲ့သည့် ဖက်ဒရယ်ပြည်ထောင်စု မူအရ ပြည်နယ်တွင် ကိုယ်စားလှယ် အများဆုံးရသည့် ပါတီကသာ ဝန်ကြီးချုပ်နေရာယူကိုယာ အစိုးရအဖွဲ့ကို ဦးဆောင်ခွင့် ရရမည်ဟု ANP ပါတီက ပြည်နယ်အစိုးရ မဖွဲ့ရသေးမီ သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ပြည်နယ်အစိုးရ ဖွဲ့စည်းရေးနှင့် ပတ်သက်၍ NLD ပါတီက ဆွေးနွေးရန် ဆန္ဒရှိလျှင် ဆွေးနွေးမည်ဟု ANP ပါတီက ကြေညာချက်တွင် ထိပ်ဆုံးက ထည့်သွင်းထားခဲ့သည်။ 

“ဝန်ကြီးချုပ်ကို ရအောင် ယူမယ်လို့ ပြောတာ မဟုတ်ပါဘူး။ အဓိက ငါတို့ကို အသိအမှတ်ပြုပြီးတော့ ဆွေးနွေးဖို့ လိုလားတာ။ သူတို့ (NLD) က အသိအမှတ်မပြုဘူး” ဟု ANP ပါတီမှ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးဖေသန်းက ပြောကြားသည်။
 
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ဖွဲ့စည်းရန် ရက်ပိုင်းအလိုက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီမှ ခေါင်းဆောင်များနှင့် ANP မှ နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းရေး သီးသန့်မဆွေးနွေးဖြစ်။ တစ်ပတ်အတွင်း ပြန်တွေ့ကာ ပြည်နယ်အစိုးရ ဖွဲ့စည်းရေး ဆွေးနွေးမည်ဟု NLD ပါတီက ကတိပေးခဲ့သည်။ 

ယင်းသို့ တွေ့ဆုံဆွေးနွေးရန် ANP ပါတီမှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် အပါအဝင် သုံးဦးကို ရွေးချယ်ထားသော်လည်း NLD က တွေ့ဆုံရန် ထပ်မံပြောဆိုခြင်း မရှိခဲ့တော့ကြောင်း ANP ပါတီထံမှ သိရှိရသည်။ 
“အဲလောက်အထိ ပစ်ပယ်ထားလိမ့်မယ်လို့ မထင်ခဲ့ဘူး” ဟု ဦးဖေသန်းက ပြောဆိုသည်။

အစိုးရ ဖွဲ့စည်းရေး တွေးဆုံဆွေးနွေးမှု မဖြစ်မြောက်ခဲ့ဘဲ NLD ပါတီ စိတ်ကြိုက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ NLD က အမြဲတမ်း ကန့်ကွက်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပေးထားချက်များကို အသုံးချကာ အနိုင်ကျင့်သည်ဟု ANP ပါတီ ထိပ်ပိုင်းခေါင်းဆောင်များက  ဝေဖန်ကြသည်။ 
“သူတို့က ဖွဲ့စည်းပုံအတိုင်း လုပ်တာ ဆိုပြီးတော့ ပြည်နယ်ဝန်ကြီးချုပ် နေရာကို ရယူသွားတာပေါ့” ဟု ဦးဖေသန်းက ပြောဆိုသည်။ 

အစိုးရအဖွဲ့ မဖွဲ့ခင် တွေ့ဆုံဆွေးနွေးခွင့် ရမည်ဟု ယူဆခဲ့သော်လည်း တွေ့ဆုံဆွေးနွေးခွင့် မရခဲ့သဖြင့် ပါတီက သဘောထား ထုတ်ပြန်ထားသည့်အတိုင်း အတိုက်အခံအဖြစ် ရပ်တည်နေကြောင်း ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ပြောကြားသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ANP ပါတီ လက်ထဲမထိုးအပ်ရသည့် အကြောင်းအရင်း NLD တွင် ရှိသည်။

“နိုင်ငံရေးပါတီတစ်ရပ် အနေနဲ့ ဒီလောက်ကြီးမားတဲ့ အပြောင်းအလဲလုပ်ဖို့ ဆိုတာ အင်အားရှိဖို့ လိုတယ်။ ရှိသမျှ အင်အား အကုန်ယူထားမှ။ ဒါကြောင့် အစိုးရဖွဲ့တဲ့ နေရာမှာ ကျွန်တော်တို့ချည်းပဲ ဖွဲ့တယ်” ဟု NLD ပါတီ၏ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ရှင်းပြသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် အစိုးရအဖွဲ့ကို NLD ကသာ ဖွဲ့စည်းရခြင်းနှင့် ပတ်သက်၍ ဦးဉာဏ်ဝင်းက “နိုင်ငံရေးပါတီ တစ်ရပ်ရဲ့ Mandate ကို ခိုင်မာစေချင်လို့ လုပ်တာ” ဟု ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် အများစု အနိုင်ရသည့် ပါတီကို ဂရုမစိုက်လိုသည့် သဘောမဟုတ်ဘဲ အစိုးရအဖွဲ့ကို ကိုင်တွယ်ရာတွင် အခက်အခဲ ဖြစ်နိုင်သဖြင့် ANP ပါတီကို အစိုးရဖွဲ့ခွင့် မပေးခြင်း ဖြစ်ကြောင်း ၎င်းက  ပြောဆိုသည်။ 
“အဆင်မပြေနိုင်ဘူး။ မစုစည်းနိုင်ဘူး ဖြစ်သွားမှာပေါ့။ ရခိုင်က ပြဿနာ များတယ်လေ”

ရခိုင်ပြည်နယ် အစိုးရဖွဲ့ခွင့် ရခိုင်အမျိုးသားပါတီကို မပေးခြင်းမှာ ဘင်္ဂါလီ အရေးနှင့် ပတ်သက်၍ နိုင်ငံတကာ၏ ဖိအားပေးခံရမည်ကို စိုးရိမ်၍ မဟုတ်ကြောင်း ဦးဉာဏ်ဝင်းက ဆက်လက်ပြောကြားသည်။ 

ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့များကို ဖွဲ့စည်းရာတွင် တိုင်းရင်းသားပါတီကို မပေးခဲ့သော်လည်း ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အစိုးရအဖွဲ့များတွင် တိုင်းရင်းသားများကို ဦးစားပေး၊ နေရာပေးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ 

ပြည်နယ်နှင့်တိုင်း အစိုးရ ဖွဲ့စည်းရေး ကိစ္စများမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လုပ်ဆောင်နေခြင်း ဖြစ်ပြီး ယင်းလုပ်ရပ်ကို မကြိုက်လျှင် ယင်းဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းနေသည့် NLD ပါတီကိုသာ ထောက်ခံပေးရန် လိုအပ်ကြောင်း ယင်းပါတီမှ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်  ဦးထွန်းထွန်းဟိန်က ပြောဆိုသည်။ 
“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ရှိနေသမျှ ကာလပတ်လုံး အဲဒီဥပဒေနဲ့ပဲ သွားနေရတာပဲ။ ဒါကို သူတို့ (ANP) နားလည်ဖို့ လိုပါတယ်။ သူတို့ ပြောသလို ဖြစ်စေချင်ရင် NLD ကို ကူညီဖို့ပဲ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

တိုင်းရင်းသားပါတီကို အစိုးရဖွဲ့ခွင့် မပြုခြင်း၊ ဆွေးနွေးခွင့် မပြုခြင်း အတွက်လည်း အကြောင်းအရင်း ရှိသည်။  

“ကျွန်တော်တို့ ညွန့်ပေါင်းအစိုးရ မလုပ်ဘူး။ ပါတီနဲ့ ဆွေးနွေးပြီးလုပ်ရင် ညွန့်ပေါင်းအစိုးရ ဖြစ်သွားမယ်” ဟု ဦးဉာဏ်ဝင်းက ပြောဆိုသည်။ 

ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရထားသည့် NLD အနေနှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရန် မလိုကြောင်း၊ ယင်းအကြောင်းပြခြင်းမှာ ဆင်ခြေပေးခြင်းသာ ဖြစ်ကြောင်း ဦးဖေသန်းက ချေပသည်။
“ညွန့်ပေါင်းအစိုးရ ဆိုတာက အင်အားမရှိတဲ့ အချိန်မှာ ဖွဲ့တာပါ” ဟု ၎င်းက ဆိုသည်။ 

၂။ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ နေရာခန့်အပ်ခြင်း 

ပါတီချင်းထက် ပုဂ္ဂိုလ်ရေး ဆက်ဆံမှု ဦးစားပေးကာ နေရာပေးခြင်းကလည်း နောက်ထပ် လောင်စာတစ်ခု ဖြစ်ခဲ့သည်။ 

ANP ပါတီ၏ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအေးသာအောင်ကို NLD က လွှတ်တော်တွင် ဒုတိယဥက္ကဋ္ဌအဖြစ် တင်မြှောက်သည်။ ယင်းကိစ္စကို ANP ကို အသိမပေး။ 

ဦးအေးသာအောင်သည် NLD နှင့် နီးနီးကပ်ကပ် ဆက်ဆံရေးရှိသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီကို ဥက္ကဋ္ဌအဖြစ် ဦးဆောင်ခဲ့သူဖြစ်သည်။ ALD သည် ၁၉၉၀ ရွေးကောက်ပွဲတွင် NLD နည်းတူ ရွေးကောက်ပွဲဝင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ သပိတ်မှောက်ခဲ့ရာတွင်လည်း အတူတူ ဖြစ်သည်။

ဦးအေးသာအောင်အပြင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင်လည်း ANP ပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်ကို ANP ပါတီကို အသိမပေးဘဲ NLD က ပြည်နယ်ဝန်ကြီးနေရာ ပေးခဲ့ပြန်သည်။ 

ဦးအေးသာအောင် ဦးဆောင်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့် ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင်တိုင်ရင်းသားများ တိုးတက်ရေးပါတီ (RNDP) ပါတီနှစ်ခု ပေါင်းစပ်ထားသည့် ANP ပါတီတွင် ALD နှင့် RNDP တို့ကြား အရှုပ်အထွေးများမှာ ယင်းသို့ လက်သင့်ရာ မခေါ်ခင်ကပင် ရှိနေသည်။ 

အရှုပ်အထွေးများ ရှိနေချိန်တွင် RNDP ကြီးစိုးသည့် ANP ပါတီကို အသိမပေးဘဲ ALD ပါတီတွင် ပါဝင်ခဲ့သူများ ဖြစ်သည့် ဦးအေးသာအောင်နှင့် ဦးကျော်လွင်တို့ကို NLD က ခေါ်ယူနေရာပေးခြင်းမှာ NLD နှင့် ANP ကြား ဆက်ဆံရေး အနုတ်လက္ခဏာ ဆောင်စေခဲ့သည်။ 

“ပါတီကို လုံးဝ အသိအမှတ်မပြုချင်တဲ့ သဘောပါ။ ဦးအေးသာအောင်ကို လွှတ်တော်ဒုဥက္ကဋ္ဌ ခန့်မယ်လို့ အသိပေးလာရင်လည်း ပါတီက ကန့်ကွက်မှာ မဟုတ်ပါဘူး” ဟု ဦးဖေသန်းက ပြောကြားသည်။ 

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ဦးဆောင်ခွင့် မရလျှင် ANP အနေနှင့် အစိုးရအဖွဲ့တွင် မပါဝင်ဘဲ အတိုက်အခံ အဖြစ်သာ ရပ်တည်မည်ဟု သဘောထား ကြေညာထားသည်။  

ပါတီသဘောထားကို ဆန့်ကျင်ကာ ဝန်ကြီးနေရာ လက်ခံလိုက်သဖြင့် ဦးကျော်လွင်ကို ANP ပါတီက ထုတ်ပယ်ခဲ့ပြီး ယင်းမတိုင်ခင်က အဆိုပါ သဘောထား ကြေညာချက်ကို ကန့်ကွက်သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့သည့် ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ခြောက်ဦး (ယခင် ALD မှ ပုဂ္ဂိုလ်များ) ကိုလည်း ပါတီက ထုတ်ပယ်ခဲ့သည်။

ယင်းသို့ အသိမပေးဘဲ ပါတီမှ ပုဂ္ဂိုလ်များကို လက်သိပ်ထိုး တာဝန်ပေးခြင်းမှာ NLD အနေနှင့် ဒီမိုကရေစီ မဆန်သည့်လုပ်ရပ် ဖြစ်သည့်အပြင် ANP ပါတီကို ပြိုကွဲအောင် လုပ်ရာရောက်ကြောင်း ဦးဖေသန်းက အပြစ်တင်သည်။

“အဲဒီလို အခြေအနေမျိုး ဖြစ်သွားတာ အားလုံးသည် NLD ပါတီရဲ့ ထိုးနှက်ချက်တွေလို့ မြင်တယ်။ ကျွန်တော်တို့ ပါတီမှာ နဂိုကတည်းက အက်ကြောင်းရှိတာ ပိုပြီးတော့ ကွဲသွားတယ်” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ ပြောဆိုချက်မှာ စွပ်စွဲချက်မျှသာ ဖြစ်ပြီး ယင်းကိစ္စမှာ ANP ပါတီတွင်း အချင်းချင်း ညှိနှိုင်းဖြေရှင်းရမည့် ကိစ္စဖြစ်ကာ NLD နှင့် သက်ဆိုင်ခြင်း မရှိကြောင်း ဦးဉာဏ်ဝင်းက တုံ့ပြန်သည်။ ဦးအေးသာအောင်နှင့် ရခိုင်အမျိုးသားပါတီကြား အခြေအနေကို မသိဟုလည်း ၎င်းက ဆိုသည်။ 

“ပါတီကို အသိပေးဖို့ တာဝန်က ဦးအေးသာအောင်မှာ ရှိမယ်ထင်ပါတယ်။ ကျွန်တော်တို့ အဆိုပြု ကမ်းလှမ်းတာကို လုပ်မယ်ဆိုရင် သူ့ပါတီကို အကြောင်းကြားရမှာ သူ့တာဝန်လို့ ထင်ပါတယ်” ဟု  ဦးဉာဏ်ဝင်းက တုံ့ပြန်သည်။ 

အခြားပါတီမှ ပုဂ္ဂိုလ်များကို နေရာပေးရာတွင် သက်ဆိုင်ရာ ပါတီများနှင့် ညှိနှိုင်းလျှင် ညွန့်ပေါင်းအစိုးရ ဖြစ်သွားမည် ဖြစ်သဖြင့် မညှိနှိုင်းခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

၃။ ကော်မတီများ ဖွဲ့စည်းခြင်း 

တွေ့ဆုံဆွေးနွေးမှု မရှိခြင်းကလည်း နှစ်ပါတီကြား နွေးထွေးမှုကို ဝေဝါးစေခဲ့သည်။ 

ပထမတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဖွဲ့စည်းသည့် ကော်မတီကိစ္စ ဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ပြည်ထောင်စုဝန်ကြီး အားလုံး ပါဝင်သည့် ‘ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ’ ကို ပြီးခဲ့သည့် မေလ  ၃၀ ရက်နေ့တွင် ဖွဲ့စည်းပြီး ရခိုင်ပြည်နယ် အရေးကို ဆောင်ရွက်နေပြီ ဖြစ်သည်။ 

ယင်းကိစ္စတွင်လည်း ရခိုင်အမျိုးသားပါတီကို NLD အစိုးရက အသိမပေး မဆွေးနွေး။ ANP မှ ပုဂ္ဂိုလ်များလည်း ပါဝင်ခွင့်မပြု။ သို့သော်လည်း ယင်းကော်မတီတွင် အစိုးရ တာဝန်ရှိသူများဖြင့်သာ ဖွဲ့စည်းသဖြင့် ANP ပါတီက တရားဝင် ကန့်ကွက်မှုများ မလုပ်ခဲ့ကြောင်း ယင်းပါတီထံမှ သိရှိရသည်။  

ရခိုင်ပြည်နယ် အရေးကိစ္စ ဆောင်ရွက်ရာတွင် ANP ပါတီကို အသိပေး ဆွေးနွေးခြင်း မရှိမှုမှာ အသိအမှတ်မပြုရာ ရောက်ကြောင်း အဆိုပါ ပါတီမှ ထိပ်ပိုင်းပုဂ္ဂိုလ်များက ဝေဖန်ကြသည်။

၎။ အာနန်ကော်မရှင် 

အာနန် ကော်မရှင်အရေးမှာလည်း နှစ်ပါတီကြား တင်းမာမှု ဇာတ်ရှိန်မြင့်ရာတွင် အဓိကကျသည်။ ANP လည်း အတိုက်အခံရုပ်လုံး ပီပီပြင်ပြင် ပေါ်သွားသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကော်မတီနှင့်မတူ။ ကုလသမဂ္ဂတွင် တာဝန်ထမ်းဆောင်ဖူးသည့် ပြည်ပပညာရှင်များ ပါဝင်နေခြင်း ဖြစ်သည်။ 

ကိုဖီအာနန် အပါအဝင် နိုင်ငံတကာမှ ပုဂ္ဂိုလ်သုံးဦး ပါဝင်သည့် ယင်းကော်မရှင်ကို ဖွဲ့စည်းရာတွင်လည်း NLD အစိုးရက ANP ပါတီကို အသိပေး ဆွေးနွေးခြင်း မရှိခဲ့ပေ။ 

လူ့အသိုင်းအဝိုင်းနှစ်ခုကြား ပဋိပက္ခ အကဲဆတ်သည့် ရခိုင်ပြည်နယ်အရေး အတွက် အစိုးရက ယင်းသို့ လုပ်ဆောင်မှုမှာ ပြည်တွင်းအရေးကို နိုင်ငံတကာအရေးအဖြစ် ပုံဖော်ရာရောက်ခြင်း၊ အချုပ်အခြာအာဏာ ထိခိုက်နိုင်ခြင်း စသည့် အချက်များဖြင့် ANP က လွှတ်တော်များတွင် ကန့်ကွက်သည်။ 

“ဒီလောက်အရေးကြီးတဲ့ ရခိုင်ပြည်နယ် ပြဿနာကို စဉ်းစားတဲ့အခါ NLD ခေါင်းဆောင်တွေက ဘာကြောင့် ANP ကို Dialogue Partne (ဆွေးနွေးဖက်) အဖြစ် မသတ်မှတ်တာလဲ” ဟု ANP ပါတီမှ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးဦးလှစောက မေးခွန်းထုတ်သည်။ 

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သည့် ဦးဦးလှစောသည် ကော်မရှင်ကိစ္စနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးရာတွင် ယင်းသို့ မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။

ကော်မရှင်ကို မဖွဲ့စည်းခင် ရခိုင်အမျိုးသားပါတီနှင့် ဦးစွာဆွေးနွေးရန် ကိုဖီအာနန်က အစိုးရကို တိုက်တွန်းခဲ့သော်လည်း အစိုးရက လုပ်ဆောင်ခြင်း မရှိခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

ANP ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကမူ “ကျွန်တော်တို့ အခုအထိ ပါတီတစ်ခု အနေနဲ့ရော တန်းတူ တွေ့ဆုံဆွေးနွေးခွင့် မရှိသေးဘူး။ ပြီးခဲ့တဲ့ ကြံ့ခိုင်ရေးအစိုးရ လက်ထက်မှာတောင် ရှိခဲ့တယ်ဗျ”  ဟု ပြောဆိုသည်။

ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုများတွင် ANP ပါတီကို အသိပေး ဆွေးနွေးခြင်း တစ်စုံတစ်ရာ မရှိသေးဘဲ NLD အစိုးရက စိတ်ကြိုက်လုပ်ဆောင်နေကြောင်း ANP ပါတီ ခေါင်းဆောင်များက ပြောကြားသည်။

“တမင်လုပ်နေတာ” ဟု ဦးဖေသန်းက သုံးသပ်သည်။ ထို့နောက် အောက်ပါအတိုင်းလည်း ဝေဖန်အပြစ်တင်လိုက်သေးသည်။
“ရခိုင်ပြည်နယ် အားလုံးနီးပါးကို ကိုယ်စားပြုထားတဲ့ ပါတီတစ်ရပ်ကိုတော့ ချပြရမယ်။ အသိပေးရမယ်လေ။ သူတို့ (NLD) က ငါလုပ်ရင်ရတယ်ဆိုတဲ့ အာဏာရှင်စိတ်ဓာတ် အမြဲတမ်းရှိတယ်”
 
ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ လုပ်ဆောင်ရာတွင် NLD အနေနှင့် ရခိုင်အမျိုးသားပါတီကို လက်တွဲခေါ်၍ လုပ်ဆောင်လိုခြင်း မရှိကြောင်း၊ ရခိုင်ပြည်နယ်အရေးကို ဖြေရှင်းရာတွင် ANP မပါဝင်ဘဲ အကောင်းဆုံး ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း ANP ပါတီ ခေါင်းဆောင်များက ပြောကြားသည်။

ANP ပါတီ၏ အကူအညီကို မယူဘဲ ရခိုင်ပြည်နယ် အရေးကိစ္စကို NLD ကိုင်တွယ်နိုင်ခြင်း ရှိမရှိ စောင့်ကြည့်ရမည်ဟု ၎င်းတို့က ပြောဆိုကြသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးထွန်းထွန်းဟိန်ကမှု ရခိုင်ပြည်နယ် အရေးကို ဖြေရှင်းရန် အစိုးရက တတ်နိုင်သည့် အတိုင်းအတာထက် ပို၍ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း တုံ့ပြန်သည်။ 

“ဇွတ်ဆွေးနွေးရမယ်လို့ ဘာကြောင့် သူတို့ (ANP) က ပြောနေတာလဲ။ သူတို့ ယူဆသလို ကျွန်တော်တို့ ယူဆရမယ်လို့ ဘာကြောင့်ပြောတာလဲ။ ကျွန်တော် မြင်တာကတော့ အစိုးရက သူ့သဘောနဲ့သူ ဆောင်ရွက်နေတယ်လို့ပဲ မြင်ပါတယ်။ သူတို့လိုချင်တာ မရလို့ အပြစ်ပြောနေတာတော့ ကျွန်တော်တို့ ဘယ်တတ်နိုင်မလဲ” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ ကော်မရှင်ကိစ္စမှာ အုပ်ချုပ်ရေးပိုင်းက လုပ်ဆောင်ခြင်းဖြစ်ပြီး NLD ပါတီနှင့် သက်ဆိုင်ခြင်း မရှိသဖြင့် တစ်စုံတစ်ရာ မှတ်ချက်ပေးရန် မရှိကြောင်း အဆိုပါ ပါတီ၏ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးဟံသာမြင့်က ပြောကြားသည်။

ကော်မရှင်မဖွဲ့ခင် ရခိုင်အမျိုးသားပါတီနှင့် မည့်သည့်အကြောင်းအရင်းကြောင့် ကြိုတင်မဆွေးနွေးသည်ကို မေးမြန်းမှုအပေါ် အထက်ပါအတိုင်း မှတ်ချက်ပေးခြင်း ဖြစ်သည်။ 
“ပါတီက လုပ်တာမဟုတ်ဘူး။ ကျွန်တော်တို့ မသိပါဘူး။ မှတ်ချက်ပေးလို့ မရပါဘူး” ဟု ဦးဟံသာမြင့်က ပြောဆိုသည်။

အဆိုပါ အကြံပေးကော်မရှင်မှာ ရခိုင်ပြည်နယ်အရေးကို ကိုင်တွယ်ဖြေရှင်းမည် မဟုတ်ဘဲ နည်းလမ်းများကိုသာ ရှာဖွေကာ နိုင်ငံတကာစံနှုန်းနှင့်ညီသည့် အကြံပြုချက်များကို တင်ပြရန်သာ ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောကြားသည်။ 
“အခုလုပ်တဲ့ ကော်မရှင်အပေါ် ကြည့်ပြီးပြောရမှာ။ ဒါကို မကြည့်ဘဲနဲ့ Dialogue Partner မလုပ်ဘူးလို့ ပြောတာ သိပ်အဓိပ္ပာယ် မရှိဘူး” ဟု ၎င်းက ဆိုသည်။ 

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်သည့် ကိစ္စများတွင် ရခိုင်တိုင်းရင်းသားများနှင့် မဖြစ်မနေ ဆွေးနွေးမည် ဖြစ်ပြီး ပစ်ပယ်ထားမည် မဟုတ်ကြောင်း ဦးဉာဏ်ဝင်းက ပြောကြားသည်။ 
“သူ့နေရာနဲ့၊ သူ့အချိန်အခါနဲ့ ဆွေးနွေးမှာပါ။ နည်းနည်းစောင့်ဖို့ လိုပါဦးမယ်” ဟု ၎င်းက ဆိုသည်။
“သူ့အချိန်အခါနဲ့သူ တိုင်းရင်းသားပါတီရဲ့ အခန်းကဏ္ဍကလည်း ပါလာပါလိမ့်မယ်”

၅။ မြန်မာနိုင်ငံ၏ အရေးကြီးဆုံး အရေးအရာများအနက် တစ်ခုဖြစ်သော ရခိုင်အရေးကို ဖြေရှင်းရန် ANP နှင့် NLD တို့ ရှားစောင်းစေးနှင့် မျက်ချေးဖြစ်နေပါက မဖြေထွက်ရန် မလွယ်လှ။ 

ရခိုင်ပြည်နယ်၏ အဖြေသည် ရခိုင်တိုင်းရင်းသားတို့အတွက် သာမက မြန်မာ၏  ဂုဏ်ကျက်သရေလည်း ဖြစ်သည်။ 

ရခိုင်အရေးတွင် အရေးကြီးဆုံး အင်အားစုနှစ်ခု ရင်ကြားစေ့ရေးမှာ မရှိတော့ပြီလော။

ရခိုင်ပြည်နယ် အရေးကိစ္စများတွင် ရခိုင်အမျိုးသားပါတီကို အသိအမှတ်ပြုကာ လေးလေးစားစား တွေ့ဆုံဆွေးနွေးလျှင် ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း ANP ပါတီမှ ထိပ်ပိုင်းခေါင်းဆောင်များက ပြောဆို သည်။ 

“ဆက်ဆံရေးကော်မတီတစ်ရပ် ဖွဲ့ပြီး ဆောင်ရွက်ဖို့ လိုတယ်လို့ မြင်တယ်။ အဲဒီလို မဟုတ်ရင် ဒီလိုပဲ တစ်ယောက်ကို တစ်ယောက် စိမ်းစိမ်းကားကား မြင်နေကြမှာ” ဟု ဦးဖေသန်းက အကြံပြုသည်။

ANP ပါတီအနေနှင့် NLD ပါတီသို့ လာရောက်ကာ တွေ့ဆုံဆွေးနွေးမှုများကို အမြဲတမ်း ပြုလုပ်နိုင်ကြောင်း ဦးထွန်းထွန်းဟိန်က ပြောဆိုသည်။  
“လာဆွေးနွေးလို့ ရတယ်။ မဆွေးနွေးဘဲနဲ့ ဘာဖြစ်ရမယ်၊ ညာဖြစ်ရမယ်ဆိုပြီး ပြောနေတာကတော့ မဟုတ်သေးဘူးပေါ့။ NLD အမြဲတမ်းဆွေးနွေးဖို့ တံခါးဖွင့်ထားတာပဲ” ဟု ၎င်းက ပြောဆိုသည်။ 

ANP ပါတီက NLD က တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းမည်ကို စောင့်နေသည်။ NLD ကလည်း တွေ့ဆုံဆွေးနွေးရန် တံခါးဖွင့်ထားသည်ဟု ဆိုသော်လည်း တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းရန် ရှိမရှိ တိတိကျကျ မပြောပေ။ 

ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်နေသည့် NLD နှင့် ပြည်နယ်လွှတ်တော်ကို ထိန်းချုပ်ထားသည့် ANP တို့ မျဉ်းပြိုင်နှစ်ကြောင်းသဖွယ် ခရီးနှင်နေကြဆဲ ဖြစ်သည်။

နိုင်ငံတကာက စောင့်ကြည့်ဖိအားပေးနေပြီး အစိုးရသစ် ကိုင်တွယ်ရခက်ခဲ့သည့် ရခိုင်ပြည်နယ်အရေးမှာ ပါတီနှစ်ခုကြား အားပြိုင်မည့် ကွင်းပင် ဖြစ်လေတော့သည်။ ပါတီနှစ်ခု အားပြိုင်မှုကြားတွင် ပြည်သူများသာ မြေစာပင် ဖြစ်မည့်ကိန်း။

သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်က ဖွဲ့စည်းသည့် ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် ပါဝင်ခဲ့သူ ဦးသူရ (ခေါ်) ဇာဂနာကမူ NLD နှင့် ANP ပါတီကြားတွင် ဖြစ်ပွားနေမှုများကို ပြဿနာဟု မယူဆကြောင်း မှတ်ချက်ပေးသည်။
“နိုင်ငံရေးမှာတော့ ပါတီတစ်ခုနဲ့တစ်ခု ဒီလိုပဲရှိမှာပဲ။ နိုင်ငံရေး သဘောတရားအရ ပွတ်တိုက်မိတာ ရှိမှာပဲ။ သဘောတူတာရှိမယ် သဘောမတူတာ ရှိမယ်။ သဘောမတူတာကို ကြီးမားတဲ့ ပြဿနာလို့ မယူဆပါဘူး” ဟု ၎င်းက ဆိုသည်။

ဖက်ဒရယ်ပြည်ထောင်စုစနစ်သို့ သွားလိုပါက ပူးပေါင်းဆောင်ရွက်မှုကို မဖြစ်မနေ လုပ်ဆောင်ရမည် ဖြစ်ပြီး NLD နှင့် ANP ပါတီကြား ပူးပေါင်းဆောင်ရွက်မှု မရှိလျှင် ရလဒ်ကောင်းများ ထွက်မည် မဟုတ်ကြောင်း ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီက ပြောကြားသည်။

ANP နှင့် ရခိုင်တိုင်းရင်းသားများ အရေးကို ဆောင်ရွက်ရာတွင် ပြည်ထောင်စုအမည်ဖြင့် လုပ်ဆောင်သင့်ကြောင်း ၎င်းက အကြံပြုသည်။
“ပူးပေါင်းဆောင်ရွက်မှု ရှိကိုရှိရမယ်။ လုပ်ကို လုပ်ရမယ်။ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ဖို့ဆိုရင် ပူးပေါင်းပြီး လုပ်ကို လုပ်ရမယ်” 

မှတ်ချက်။ ဗျာလသည် ရခိုင်တစ်မျိုးသားလုံးကို ကိုယ်စားပြုသည့် အမှတ်အသားတစ်ခု ဖြစ်ပြီး သတ္တဝါကိုးမျိုး၏ စွမ်းအားရှိသော ကိုယ်အင်္ဂါကိုးမျိုးဖြင့် ပေါင်းစပ်ထားသည်။ ANP ပါတီ၏ အမှတ်အသားတစ်ခုလည်း ဖြစ်သည်။

The Voice



FOLLOW US