News

27-May-2018

AA တပ်မတော်သား ICRC
ဖမ်းဆီးခံထားရသူ တပ်မတော်သားသုံးဦး ပြန်လွှဲပြောင်းရေး ICRC ကူညီမည်
ရန်ကုန်၊ မေ ၂၆

AA က ဖမ်းဆီးထားသည့် တပ်မတော်သားသုံးဦး ပြန်လွှဲပြောင်းရေး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ကြားဝင် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ICRC ၏ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ် မစ္စတာ ဖာဘရီဇီယိုကာဘိုနီက ပြောကြားသည်။

“သက်ဆိုင်ရာအဖွဲ့တွေရဲ့ ညှိနှိုင်းဆွေးနွေးတာမှာ ပါဝင်ပတ်သက်မှာ မဟုတ်ပါဘူး”ဟု ၎င်းက ဆိုသည်။

အကျဉ်းသားလွှဲပြောင်းရေးကိစ္စတွင် ကြားဝင်ဆောင်ရွက်ပေးခြင်းသည် ICRC ၏ လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

AA က ဖမ်းထားသော တပ်မတော်သားသုံးဦးကို အကျဉ်းသားလွှဲပြောင်းရေး အစီအစဉ်ဖြင့် ပြန်လွှဲပေးနိုင်ရန် ကြားဝင်ဆွေးနွေးပေးမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီက မေလ ၂၅ ရက်က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကလည်း AA မှ ဖမ်းဆီးထားသော တပ်မတော်သားနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC မှတစ်ဆင့် လွှဲပြောင်းပေးခဲ့သည်။

မေလ ၂၀ ရက်က ဘင်္ဂလား-မြန်မာ နယ်စပ်မှတ်တိုင် ၆၃၊ ၆၄ အနီး၌ ဘူးသီးတောင်အခြေစိုက် ခလရ ၂၆၃ တပ်ရင်းနှင့် AA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်သားသုံးဦးကို လက်နက်အချို့ဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း ရခိုင်လက်နက်ကိုင်အဖွဲ့ AA က သတင်းထုတ်ပြန်ထားသည်။

AA အဖွဲ့၏ ဖမ်းဆီးခံထားရသူများမှာ ဘူးသီးတောင်အခြေစိုက် ခလရ ၂၆၃ က ဒုတပ်ကြပ် မောင်ပြား၊ တပ်သား တနင်္လာနဲ့ ချစ်ရဲသူတို့ဖြစ်ကြောင်း အဆိုပါအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ့တပ်မတော်နှင့် AA အဖွဲ့သည် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်မြို့အနီးနှင့် ချင်းပြည်နယ် ပလက်ဝမြို့အနီး၌ မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်ဘက်က မည်သို့လုပ်ဆောင်မည်ကို သိလိုကြောင်းမေးမြန်းရန် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံ ဖုန်းဖြင့်ဆက်သွယ်သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။ 

ဝေလင်း




FOLLOW US