News

12-Nov-2017

KIO NCA UWSA TNLA AA
အစိုးရကိုယ်စားလှယ်အဖွဲ့ “ဝ”မိုင်းလားအဖွဲ့တို့နှင့် တွေ့ဆုံ
ရန်ကုန်၊ နိုဝင်ဘာ ၁၂

နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် ဦးဆောင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့သည် “ဝ”ဒေသ ပန်ဆန်းနှင့် မိုင်းလား အထူးဒေသတို့ကို သွားရောက်ကာ လက်နက်ကိုင် အဖွဲ့များကို နိုဝင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်က တွေ့ဆုံခဲ့သည်။

အစိုးရ ကိုယ်စားလှယ်အဖွဲ့တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ဦးဆောင်၍ ငြိမ်းချမ်းရေးကော်မရှင်မှ ဦးသိန်းဇော်၊ ဦးခင်ဇော်ဦး၊ ဦးအောင်စိုးနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ တပ်မတော် ကိုယ်စားလှယ်များ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနစသည့် အစိုးရဌာန တာဝန်ရှိသူများလည်း ပါဝင်ခဲ့သည်။

ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင်များလည်း ပါဝင်သည့် ယင်းအဖွဲ့သည် “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA) ဌာနချုပ်ရှိရာ ပန်ဆန်းတွင် ဥက္ကဋ္ဌ ဦးပေါက်ယူချန်း၊ ဒုဥက္ကဋ္ဌ ရှောက်မင်လျှန်တို့နှင့် နိုဝင်ဘာလ ၁၁ ရက် ညနေပိုင်းက တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် UWSA တို့ သုံးနာရီကျော် အစည်းအဝေး ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြောင်း UWSA ပြင်ပ ဆက်ဆံရေး တာဝန်ခံ ဦးညီရန်းက ပြောကြားသည်။

ယင်းနောက် နိုဝင်ဘာလ ၁၂ ရက် မနက်ပိုင်းတွင် အထူးဒေသ (မိုင်းလား) တွင် အခြေစိုက်သည့် NDAA အဖွဲ့နှင့် ဆက်လက် တွေ့ဆုံခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA/UWSP) နှင့် မိုင်းလား လက်နက်ကိုင်အဖွဲ့ (NDAA) တို့သည် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့က ဖွဲ့စည်းထားသည့် နိုင်ငံရေး ဆွေးနွေးမှု ကော်မတီ (FCNPP) အတွင်းပါ ရှိသည့် အဖွဲ့များဖြစ်ပြီး အစိုးရ၏ NCA လမ်းကြောင်းကို လိုက်ပါ ဆွေးနွေးခြင်းမရှိဘဲ အပစ်ရပ်လမ်းကြောင်း အသစ်ကို ထုတ်ပြန်ထားသည်။

အဆိုပါ ခရီးစဉ်တွင် အဓိကအနေနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းကို ဦးစားပေး ဆွေးနွေးသွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားထားသည်။

မြောက်ပိုင်းအဖွဲ့များ၏ FCNPP ကော်မတီတွင် “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA)၊မိုင်းလား (NDAA)၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIO) တအာင်း ပလောင်အဖွဲ့ (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရခိုင် လက်နက်ကိုင်အဖွဲ့ (AA)၊ ကိုးကန့်အဖွဲ့ (MNDAA) စသည့် လက်နက်ကိုင်အဖွဲ့များ ပါဝင်နေသည်။

အဆိုပါ FCNPP ကော်မတီက အစိုးရအနေနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို တစ်ဖွဲ့ချင်းအနေနှင့်မဟုတ်ဘဲ ကော်မတီအလိုက် ဆွေးနွေးမှသာ လက်ခံမည်ဟု ထုတ်ပြန်ထားပြီး အစိုးရကလည်း ကော်မတီအလိုက် တွေ့ဆုံသွားမည်မဟုတ်ဘဲ တစ်ဖွဲ့ချင်း၊ နှစ်ဖွဲ့ချင်း သို့မဟုတ် သုံးဖွဲ့ချင်း တွေ့ဆုံလိုက တွေ့ဆုံနိုင်ကြောင်း သဘောထား ပေးထားသည်။

  • VIA


FOLLOW US