News

07-Nov-2017

ချင်းပြည်နယ် AA
ပလက်ဝတွင် တပ်မတော်နှင့် AA တိုက်ပွဲ ပြင်းထန်၊ စစ်ရှောင်များ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်
ကလေး၊ နိုဝင်ဘာ ၇ 

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ကုန်းပြင်ကျေးရွာမှ ရှင်းလက်ဝ ကျေးရွာသို့ စစ်ဘေးရှောင်လာသည့် ဒုက္ခသည်များအတွက် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေကြောင်း ရှင်းလက်ဝကျေးရွာ တာဝန်ခံ ဦးကျော်အောင်က ပြောကြားသည်။ 

ကုန်းပြင်ကျေးရွာအနီး တိုက်ပွဲများ ဖြစ်ပွားလျက်ရှိခြင်းကြောင့် ဒေသခံများသည် ကျေးရွာတွင်မနေရဲတော့ဘဲ နိုဝင်ဘာလ ၁ ရက်နေ့မှစတင်ကာ ရှင်းလက်ဝ ကျေးရွာသို့ စစ်ဘေးရှောင်ခဲ့ပြီး နိုဝင်ဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၆ ရက်နေ့အထိ စာရင်းအရ အိမ်ထောင်စု ၅၉ စု၊ လူဦးရေ ၃၀၆ ဦးအထိ ရှိနေကြောင်း ၎င်းက ပြောဆိုသည်။ 

အဆိုပါ ဒုက္ခသည်များကို ရှင်းလက်ဝကျေးရွာရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း၌လည်းကောင်း၊ ကျေးရွာ အနီးတဲများ ဆောက်၍လည်းကောင်း စောင့်ရှောက်ထားပြီး ကျေးရွာမှ ကျွေးမွေးထားကြောင်း၊ ကျေးရွာတွင် ကျန်းမာရေးဌာန မရှိ၍ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု မပေးနိုင်သည့်အတွက် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေပြီး စစ်ဘေးရှောင်ချိန် ကြာမြင့်မည်ဆိုပါက ကလေးငယ်များအတွက် စာသင်ကြားပေးရန်လည်း လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“သူတို့မှာလည်း ဆန်စပါးတွေက တောင်ယာမှာပဲ ရှိနေတော့ ကြာရင်တော့ အစားအသောက်တော့ အခက်အခဲရှိမယ်။ ရှင်းလက်ဝမှာက ကျန်းမာရေးမှူး မရှိဘူး။ ဒီတော့ ဆေးဝါးတွေလည်း အခက်အခဲရှိတော့ ကျန်းမာရေး စောင့်ရှောက်မှု အခက်အခဲ ဖြစ်နေတယ်”ဟု ရှင်းလက်ဝ ရွာတာဝန်ခံ ဦးကျော်အောင်က ဆိုသည်။ 

ကုန်းပြင်ကျေးရွာမှ စစ်ဘေးရှောင်လာသူများသည် ရှင်းလက်ဝကျေးရွာအပြင် ပကာလိုဝရွာနှင့် ကြိုင်ထဝရွာများတွင် ရောက်ရှိနေကြကြောင်း၊ ယင်းကြောင့် စစ်ဘေးရှောင်သူများအတွက် အကူအညီများ လိုအပ်နေကြောင်း ပလက်ဝမြို့ စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့ပေးရေး အဖွဲ့ထံမှ သိရသည်။ 

တပ်မတော်နှင့် AA တို့သည် ရခိုင်ပြည်နယ်အစပ် ချင်းပြည်နယ်၊ ပလက်ဝဒေသအနီးတွင် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေပြီး ၂၀၁၅ ခုနှစ် ဧပြီ ၂၇ ရက်နေ့ကလည်း ပလက်ဝမြို့နယ်၊ ပြိုင်စိုကျေးရွာမှ အိမ်ထောင်စု ၆၀ ကျော်သည် လောင်းတင်ကျေးရွာသို့ ပြောင်းရွှေ့ နေထိုင်ခဲ့ရပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့မှသာ ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ပေးမှုဖြင့် ပြိုင်စိုကျေးရွာသို့ ပြန်လည် ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။

ချင်းပြည်နယ်၊ ပလက်ဝဒေသအနီး၌ တိုက်ပွဲကြီးများ ဖြစ်လာနိုင်ခြင်းကြောင့် ဒေသခံများကို ခရီးသွားလာခြင်း မပြုရန်နှင့် မဖြစ်မနေ အရေးတကြီး သွားလာရမည့် အခြေအနေ ရှိပါကလည်း သတိထား သွားလာရန် AA က နိုဝင်ဘာလ ၅ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်သည်။

R-20



FOLLOW US