News

POST TAGGED AS

ရိုးရာသင်္ကြန်

ရခိုင်ရိုးရာသင်္ကြန်တွင် မြိုနှင့်သက် လူမျိုးများ ပထမဆုံးအကြိမ် ပါဝင်မည်
ရန်ကုန်၊ ဧပြီ ၃
 
ယခုနှစ်တွင် ကျင်းပမည့် ၁၅ ကြိမ်မြောက် ရခိုင်ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော်တွင် မြိုနှင့်သက် ရခိုင်မျိုးနွယ်စုများ ပထမဆုံး ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း ရခိုင်ရိုးရာသင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးစိန်လှိုင်က ပြောကြားသည်။

အဆိုပါ ရေကစားမဏ္ဍပ်တွင် ရခိုင်ပြည်နယ် ၁၇ မြို့နယ်အပြင် ရခိုင်ကျောင်းသားများအဖွဲ့ မဏ္ဍပ်တစ်ခု၊ အရပ်ဘက် လူမှုအဖွဲ့အစည်းနှင့် ပူးပေါင်းထားသော ရခိုင်အသင်းချုပ်အဖွဲ့ ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ရိုးရာသင်္ကြန်ဖြစ်တဲ့အတွက် ရခိုင်ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ နံ့သာသွေးပွဲမှာ အနိုင်ရသူတွေကို နှစ်တိုင်းဆုချီးမြှင့်တယ်။ ပထမဆု၊ ဒုတိယဆု၊ ပူးတွဲဆုနှင့် နှစ်သိမ့်ဆုအပြင် ငွေသားဆုတွေလည်း ပါဝင်တယ်”ဟု ၎င်းက ဆိုသည်။

ဧပြီလ ၁၂ ရက်နေ့တွင် ပြုလုပ်မည့် နံ့သာသွေးပွဲတွင် ရေကစားမဏ္ဍပ်အသင်း ၂၀ မှ ရခိုင်လှပျိုဖြူများ ဝင်ရောက်ယှဉ်ပြိုင်ပြီး ယင်းပွဲမှ နံ့သာရည်များဖြင့် ဘုရားရေသပ္ပာယ်မည်ဖြစ်ကြောင်း၊ သုဝဏ္ဏဘောလုံးကွင်းတွင် ဧပြီ ၁၃ ရက်မှ ဧပြီ ၁၆ ရက်အထိ ရခိုင်ရိုးရာ လောင်းလှေနှင့်မျက်နှာချင်းဆိုင် ရေလောင်းပွဲကို နံနက် ၉ နာရီကနေ ညနေ ၅ နာရီထိ ကျင်းပသွားမည်ဖြစ်ပြီး ဖျော်ဖြေရေးအနေနှင့် ရခိုင်ရိုးရာတေးသီချင်း၊ အကများဖြင့် တင်ဆက်ဖျော်ဖြေသွားမည့်အပြင် ရိုးရာအဝတ်အစားများ၊ ရခိုင်တံဆိပ်များ အရောင်းပြပွဲများ၊ ကချင်၊ မွန်၊ ပအိုဝ်းနှင့် ကရင်လူမျိုးတို့၏ ရိုးရာအကဖျော်ဖြေပွဲများ၊ အစားအသောက်ရောင်းချသည့် ဈေးဆိုင်ခန်းများ ပါရှိမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်တွင် ရေပက်ကစားခြင်းမပြုမီ ဧပြီ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီနှင့် ၁၃ ရက် မနက်ပိုင်းတွင် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် နံ့သာသွေးပွဲ၊ ဘုရားရေသပ္ပာယ်ပွဲတို့ကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနှင့် ဧပြီ ၁၃ ရက်၊ မွန်းလွဲ ၁ နာရီတွင် သုဝဏ္ဏဘောလုံးကွင်း၌ ရေလောင်းမဏ္ဍပ်ဖွင့်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) ထံမှ သိရသည်။

၂၀၁၆ ခုနှစ် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်တွင် မဏ္ဍပ် ၁၆ ခု၊ ၂၀၁၇ ခုနှစ်တွင် သင်္ကြန်မဏ္ဍပ် ၂၀ ခန့်ကို ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၏ ကြိုးပမ်းချက်ဖြင့် ရိုးရာယဉ်ကျေးမှု ဖော်ထုတ်ရေး ဘတ်ဂျက်ငွေနှင့် ရခိုင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များ၏ ငွေကြေးဖြင့်ဆောက်လုပ်ကာ ကျင်းပခဲ့သည်။

ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးမှကြီးမှူး၍ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်းများ၊ ရခိုင်လူမှုရေး အဖွဲ့အစည်းများ၊ ရခိုင်မြို့နယ် အသင်းများနှင့် ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသားများ စုပေါင်းကျင်းပခြင်းဖြစ်သည်။

MZK



FOLLOW US