News

POST TAGGED AS

ရုရှား

အမေရိကန်လေဆိပ်တစ်ခုမှ စက်ပြင်ဆရာတစ်ဦး လေယာဉ်တစ်စင်းကို ခိုးယူထွက်ပြေး၊ များမကြာမီ ကျွန်းတစ်ခုပေါ် ပျက်ကျ


နယူးယောက်၊ ဩဂုတ် ၁၁ 

အမေရိကန်ပြည်ထောင်စု ဆီယေတဲလ်-တာကိုမားနိုင်ငံတကာလေဆိပ်တွင် လေကြောင်းစက်ပြင်တစ်ဦးက လေယာဉ်တစ်စင်းကို ခိုးယူမောင်းနှင် ပျံသန်းပြီးနောက် အနီးရှိ ကျွန်းတစ်ခုသို့ ထိုးချခဲ့သည့်ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ကြောင်း အမေရိကန်မီဒီယာများက ရေးသားဖော်ပြကြသည်။ 

လေယာဉ်စက်ပြင် ခိုးယူသွားသော လေယာဉ်နောက်သို့ အမေရိကန်စစ်ဘက် ဂျက်တိုက်လေယာဉ်နှစ်စင်းက လိုက်သွားကြသည်။ ယင်းလေယာဉ်သည် ဆီယေတဲလ်-တာကိုမား လေဆိပ်နှင့် မိုင် ၄၀ ဝေးကွာသောနေရာရှိ သစ်ပင်ထူထပ်သော တောအုပ်ထဲသို့ ထိုးကျသွားခဲ့သည်။ 

လေယာဉ်ခိုးယူသွားသည့် စက်ပြင်မှာ လေယာဉ်ပျက်ကျပြီးနောက် သေဆုံးသွားသည်ဟု ခရိုင်ရဲတပ်ဖွဲ့ ရဲချုပ် ပေါလ်ပါစတာက ပြောကြားသည်။ 

ယင်းဖြစ်ရပ်ကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် အာဏာပိုင်များက သတ်မှတ်ခဲ့ခြင်းမရှိပေ။ “ဒါဟာအကြမ်း ဖက်တိုက်ခိုက်တာမဟုတ်ပါဘူး။ အတည်ပြုချက်တွေအရ ယောကျာ်းတစ်ယောက်က တစ်ကိုယ်တည်း သေကြောင်းကြံစည်တာပါ။ သူဘယ်သူလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ တခြားဘယ်သူ (ဘယ်အဖွဲ့အစည်း) မှ ပါဝင်ပတ်သက်ခြင်းမရှိပါဘူး”ဟု ၎င်းက ပြောကြားသည်။ 

ခိုးယူခံရသောလေယာဉ်မှာခရီးသည် ၇၆ ဦးဆံ့သည့် ဖော်ကာအမျိုးအစားဖြစ်ပြီး လေယာဉ်ပေါ်တွင် ခရီးသည်တစ်ဦး တစ်ယောက်မျှ လိုက်ပါသွားခြင်းမရှိပေ။ 

အဆိုပါ လေယာဉ်စက်ပြင်သမားသည် လေထဲ၌ စတန့်များပြုလုပ်ခဲ့သေးကြောင်း၊ ထို့နောက် ကျွန်းပေါ်သို့ ပျက်ကျသွားကြောင်း ခရိုင်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ 

အဆိုပါလေယာဉ် လေဆိပ်မှ ပျံတက်သွားပြီးနောက် မိနစ်ပိုင်းအကြာတွင် ပို့သ်လန်မှ F-15 အမျိုးအစားအမေရိကန် ဂျက်တိုက်လေယာဉ်နှစ်စင်းသည် ယင်းလေယာဉ်နောက်သို့ လိုက်ပါသွားခဲ့သည်။ တိုက်လေယာဉ်နှစ်စင်းက အဆိုပါလေယာဉ်ကို လေဆိပ်သို့ပြန်လှည့်ရန် စည်းရုံးပြောကြားခဲ့သော်လည်း ယင်းလေယာဉ်မှာ ကီထရွန်ကျွန်းပေါ်သို့ ပျက်ကျသွားခဲ့သည်။ 

“တိုက်လေယာဉ်မှူးတွေက အဲဒီလေယာဉ်ကို ထိခိုက်မှုသက်သာအောင် ထိန်းခေါ်သွားခဲ့တယ်၊ အဲဒါကြောင့် မြေပြင်မှာရှိတဲ့သူတွေ ထိခိုက်သေဆုံးတာမျိုး မရှိခဲ့ဘူး”ဟု ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။ 

မျက်မြင်သက်သေများက လေဆိပ်မှ အဆိုပါလေယာဉ်ပျံတက်သွားပြီးနောက် တွေ့မြင်ရသည့်မြင်ကွင်းမှာ အိပ်မက်ဆန်ဆန် သဘောမျိုးပင်ဖြစ်ခဲ့သည်ဟု ဆိုသည်။ 

“လေယာဉ်တစ်စင်းနောက်ကို တိုက်လေယာဉ်နှစ်စင်းက ထိုးလိုက်နေတာမြင်ရတယ်။ ကျွန်တော်လည်း တစ်ခုခုဖြစ်ရင် ထွက်ပြေးဖို့ အသင့်ပြင်ခဲ့ရတယ်”ဟု လေယာဉ်ပျက်ကျသွားသော ကျွန်းအနီး လမ်းလျှောက်နေခဲ့သူ ဂျွန်ဝါလ်ဒန်က ပြောကြားသည်။  

F-01



FOLLOW US