News

POST TAGGED AS

ရုရှား

ထရမ့်နှင့်ပူတင်တို့၏ ထိပ်သီးဆွေးနွေးပွဲကို “ကလေးလူသား” နှင့် “မိစ္ဆာသူလျှိုဂိုဏ်းချုပ်”တို့၏ ဆွေးနွေးပွဲအဖြစ်သတ်မှတ်ကာ ဟယ်လ်ဆင်ကီးတွင် ဆန္ဒပြ


ဟယ်လ်ဆင်ကီး၊ ဇူလိုင် ၁၆

ဖင်လန်နိုင်ငံ မြို့တော်ဟယ်လ်ဆင်ကီးတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့၏ ထိပ်သီးဆွေးနွေးပွဲမကျင်းပမီ ယင်းဆွေးနွေးပွဲကို ဆန့်ကျင်သူထောင်ပေါင်းများစွာက အဆိုပါမြို့လမ်းမများပေါ်တွင် ချီတက်ဆန္ဒပြကြပြီး ဒခလေးလူသားဒနှင့် ဒမိစ္ဆာသူလျှိုဒတို့၏ တွေ့ဆုံပွဲအဖြစ် ရှုတ်ချသမုတ်လိုက်ကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဇူလိုင်လ ၁၆ ရက် ဟယ်လ်ဆင်ကီးတွင် ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲသည် ယူကရိန်းပြဿနာ၊ နျူကလီးယားကိစ္စ၊ ဆီးရီးယားစစ်မက်ပဋိပက္ခ အပါအဝင် အခြားအရေးကိစ္စများကြောင့် ဆက်ဆံရေး အတော်ပင်ဆိုးရွားနေသည့် ရုရှားနှင့် အမေရိကန်ပြည်ထောင်စုတို့အတွက် လွန်စွာအရေးပါသော ထိပ်သီးဆွေးနွေးပွဲလည်းဖြစ်သည်။ 

နာမည်ဆိုးဖြင့် ကမ္ဘာတွင်ကျော်ကြားနေသည့် ရုရှားထောက်လှမ်းရေး ကေဂျီဘီ (KGB) အကြီးအကဲဟောင်း ဗလာဒီမာပူတင်နှင့် ဒေါ်နယ်ထရမ့်တို့ကို ထောင်နှင့်ချီသော ဆန္ဒပြအင်အားစုများက ဟယ်လ်ဆင်ကီးမြို့တွင်စုဝေးကာ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ရုရှားနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ၊ သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ် ဖိနှိပ်ချုပ်ခြယ်မှုများ၊ အမေရိကန်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများ စသည်တို့ကို ဆန္ဒပြသူများက ပြစ်တင်ရှုတ်ချခဲ့ကြခြင်းဖြစ်သည်။ 

ဆန္ဒပြအင်အားစုများသည် ဟယ်လ်ဆင်ကီးမြို့လယ် ဆီးနိတ်စကွဲယားမှ စတင်ကာ ထရမ့်နှင့်ပူတင်တို့ ထိပ်သီးဆွေးနွေးပွဲကျင်းပမည့် နေရာအနီးသို့ ချီတက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ 

“စိတ်မနှံတဲ့ ကလေးလူသားက မိစ္ဆာသူလျှိုဂိုဏ်းချုပ်ကြီးကို တွေ့မတဲ့၊ ဘာတွေမှားကုန်ပြီလဲ”ဟု ရေးသားထားသော ဆိုင်းဘုတ်ကို ဖင်လန်အမျိုးသမီးတစ်ဦးက ကိုင်ဆောင်ထားသည်။ 

ယခုဆန္ဒပြပွဲသည် မကြာသေးမီရက်ပိုင်း၊ ဗြိတိန်နိုင်ငံသို့ ဒေါ်နယ်ထရမ့် သွားရောက်ခဲ့စဉ် လန်ဒန်မြို့၌ လူထောင်ပေါင်းများစွာ ကန့်ကွက်ဆန္ဒပြမှု၏ နောက်ဆက်တွဲသဘောမျိုးဖြစ်နေသည်။ လန်ဒန်ဆန္ဒပြပွဲတွင်“ထရမ့်အလိုမရှိ၊ ဖက်ဆစ် USA အလိုမရှိ”ဟူသည့် စာတန်းများကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။ 

သို့သော် ဟယ်လ်ဆင်ကီးသည် ရုရှားနယ်စပ်ဒေသနှင့် ထိစပ်နေသည့် နေရာလည်းဖြစ်နေပြန်ရာ သမ္မတထရမ့်ကိုသာမက ဗလာဒီမာပူတင်ကိုပါ ဆန့်ကျင်ကန့်ကွက်သူများလည်း ပါဝင်ခဲ့သည်ကို တွေ့ရသည်။ 

ဖင်လန်နိုင်ငံတွင် သူနာပြုအလုပ်လုပ်ကိုင်လျက်ရှိသည့် အမျိုးသားတစ်ဦးက “ဘဝတစ်သက်တာအတွက် ပူတင်အကျဉ်းထောင်”ဟူသည့် စာတန်းကိုကိုင်ဆောင်ကာ ဆန္ဒပြခဲ့သည်ကိုတွေ့ရသည်။ 

သမ္မတပူတင်သည် မော်စကိုတွင် ဇူလိုင် ၁၅ ရက်နေ့ညနေပိုင်းက ကမ္ဘာ့ဖလားဗိုလ်လုပွဲ ကြည့်ရှုအားပေးပြီးနောက် ဖင်လန်နိုင်ငံသို့ လေယာဉ်ဖြင့် ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။ ဒေါ်နယ်ထရမ့်မှာမူ စကော့တလန်ရှိ ၎င်းပိုင်ဆိုင်သော ဂေါက်ကွင်းတစ်ခုတွင် အပန်းဖြေပြီးနောက် ဖင်လန်သို့ လာရောက်ခဲ့ခြင်းဖြစ်သည်။ 

အမေရိကန်ပြည်ထောင်စုနှင့် ရုရှားတို့သည် ပြီးခဲ့သည့် ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရုရှားဟက်ကာများက ဒေါ်နယ်ထရမ့်အနိုင်ရရှိအောင် ကူညီပေးခဲ့သည်ဟူသော စွပ်စွဲချက်များကြောင့် လတ်တလောကာလများတွင် ဆက်ဆံရေးဆိုးရွားလျက်ရှိသည်။ 

သမ္မတဒေါ်နယ်ထရမ့်ကမူ ဗလာဒီမာပူတင်သည် အမေရိကန်တို့၏ ရန်သူမဟုတ်သလို မိတ်ဆွေလည်းမဟုတ်ကြောင်း၊ သို့သော် ပြိုင်ဘက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ 

F-01



FOLLOW US