News

POST TAGGED AS

ရုရှား

ဆီလီကွန်တောင်ကြား ရောက်လာသည့် ရုရှားသမီးပျို

မာရှာဒရိုကိုဗာသည် အသက် ၂၈ နှစ်သာ ရှိသေးသည်။ သူက ယခင် နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်သည်။ ယခုတော့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဘဝကို အသွင်ပြောင်းခဲ့သည်။ အမေရိကန်ပြည်ထောင်စု ဆီလီကွန်တောင်ကြားဟုခေါ်သော နည်းပညာရပ်ဝန်းကြီးကို ရောက်လာပြီး ၂၀၁၈ ခုနှစ်ဦးပိုင်းကတည်းက ဆိုင်တစ်ဆိုင် စတင်ဖွင့်လှစ်နိုင်ခဲ့သည်။

ဒရိုကိုဗာက သူ့လုပ်ငန်းကို “Day One Venture”ဟု အမည်ပေးထားသည်။ ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ ၁ သိန်းမှ ၁ သန်းအထိ ရှိနိုင်သည်။ သူ၏ လုပ်ငန်းအစုစု လာရောက်ရင်းနှီးမြှုပ်နှံမှုကို ပေါင်းကြည့်လိုက်လျှင် ဒေါ်လာ သန်း ၅၀ ခန့်အထိတော့ ရှိနိုင်ကြောင်း သူနှင့်နီးစပ်သည့် မိသားစုဝင်တစ်ဦးက ပြောကြားသည်။ ဒရိုကိုဗာသည် လူသိများသည်၊ ပေါင်းသင်းဆက်ဆံရေးကောင်းသည်။ ယင်းအတွေ့အကြုံကပင် သူ့လုပ်ငန်းအတွက် အထောက်အကူပြုနိုင်မည်ဟု ယူဆထားသူလည်း ဖြစ်သည်။

ဒရိုကိုဗာနှင့် ၂၀၁၄ ခုနှစ်ကတည်းက လက်တွဲလုပ်လာသည့် Runa Capital ကုမ္ပဏီမှ ဆာဂေးဘီလိုဆော့ဗ်ကမာရှာသည် လူသိများသူတစ်ဦးဖြစ်ပြီး သူ့လုပ်ငန်းကို သူကောင်းမွန်စွာ ကိုင်တွယ်နိုင်လိမ့်မည်ဟု မှတ်ချက်ပြုထားသည်။ အမေရိကနှင့် ရုရှားသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် နည်းပညာဆိုင်ရာ ကိစ္စရပ်များတွင် အပြန်အလှန် အကြိတ်အနယ် ဆွေးနွေးနေကြချိန်၌ မာရှာ၏ လုပ်ငန်းလာပြီး စတင်ခြင်းမှာ နှစ်နိုင်ငံအတွက် ပိုပြီး အကျိုးရှိနိုင်သည့် ခြေလှမ်းများဖြစ်နိုင်လိမ့်မည်ဟုလည်း ယူဆနေကြသည်။ 

ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များ အမေရိကတွင် များစွာရှိသည်။ Runa Capital ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံငွေ ၂၀ ရာခိုင်နှုန်းဖြစ်သည့် ဒေါ်လာ ၁၃၅ သန်းခန့်သည် ရုရှားလူချမ်းသာများ ရင်းနှီးထားသည့် ငွေကြေးများဖြစ်ကြသည်။ ဆီလီကွန်တောင်ကြားတွင် Runa Capital ဆိုသည့် ရုရှားနိုင်ငံဖွား ပါဗယ်ချာကာရှင်ဆိုသူ ထူထောင်ထားသည့် ကုမ္ပဏီတစ်ခုလည်းရှိသည်။ သူလည်း ရုရှား၊ ယူကရိန်း၊ ကာဇက်စတန်နှင့် ဂျော်ဂျီယာတို့က သူဌေးများ၏ အရင်းအနှီးများဖြင့် လာရောက်ထူထောင် အခြေစိုက်ထားခြင်းဖြစ်သည်။ ရုရှားတို့၏ လုပ်ငန်းများလည်း အမေရိကတွင် ဖွံ့ဖြိုးတိုးတက်နေသည်ဟု ဆိုရမည်။

မာရှာကတော့ သူ့ရင်းနှီးမြှုပ်နှံမှုများသည် အမေရိကနှင့် ဥရောပရှိ စွန့်ဦးလုပ်ငန်းရှင်ကြီးများထံကဖြစ်ကြောင်း ပြောကြားသည်။ မာရှာသည် ငါးနှစ်ခန့် ကရင်မလင်က နောက်ခံပြုထားသည့် လူငယ်နိုင်ငံရေးလှုပ်ရှားမှုတွင် ခေါင်းဆောင်တစ်ဦးအနေနှင့် ပါဝင်ခဲ့သူဖြစ်သည်။ သူတို့က ထိုအဖွဲ့ကို နာရှီ (Nashi) ဟု ခေါ်သည်။ သူက ထိုအဖွဲ့တွင် အမေရိကသို့ မရောက်မီ အသက် ၂၃ နှစ်အထိ လှုပ်ရှားခဲ့သည်။ သူ့နိုင်ငံရေး အယူအဆကို မေးကြည့်သည့်အခါ လစ်ဘရယ်ကို သဘောကျနှစ်သက်ကြောင်းပြောသည်။ သို့သော် ရုရှားနိုင်ငံရေးတွင် ဘယ်တော့မှ မပတ်သက်တော့ကြောင်းလည်း ပြောကြားသည်။ 

မာရှာက အဘယ်ကြောင့် နိုင်ငံရေးကို စိတ်ကုန်ရသနည်းဆိုသည့် အကြောင်းကိုပြောရာတွင် သူ့အနေနှင့် လုပ်ချင်သည့်လုပ်ငန်းနှင့် မကိုက်ညီသောကြောင့် စွန့်လွှတ်ရကြောင်းပြောသည်။ သို့သော် ဆီလီကွန်တောင်ကြားမှ ဘဝတူတွေက သူ့ကို ထွက်ပြေးခဲ့ရကြောင်း ဆိုကြသည်။ သူ၏ အမေရိကန်ဘဏ်တွင် သိုမှီးထားသောငွေများကို ရုရှားတွေက အစဆွဲထုတ်ရန် ကြိုးပမ်းသောကြောင့် သူပြေးလာခဲ့ရခြင်းဖြစ်သည်ဟုလည်း ပြောကြသည်။ 

ရုရှားသည် တစ်ချိန်တွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ကောင်းလုပ်လာနိုင်သည်။ သို့သော် ရုရှားစွန့်ဦး အမျိုးသမီးတစ်ယောက် အမေရိကရောက်လာပြီး၊ ဆီလီကွန်တောင်ကြားလိုနေရာမျိုးတွင် ခြေချကာ လုပ်ငန်းထူထောင်နိုင်ခဲ့သည်ဆိုခြင်းက စိတ်ဝင်စားစရာဖြစ်သည်။

(Ref: US News)



FOLLOW US