News

POST TAGGED AS

ရုရှား

ထရမ့်၏ လုံခြုံရေးမူဝါဒသစ်မှာ နယ်ချဲ့ဝါဒီဆန်လွန်းဟု ရုရှားဝေဖန်

မော်စကို၊ ဒီဇင်ဘာ ၂၀

ထရမ့်၏ အမျိုးသား လုံခြုံရေးမူဝါဒသစ်မှာ နယ်ချဲ့ဝါဒီဆန်လွန်းနေပြီး ဝင်ရိုးစုံကမ္ဘာကို လက်ခံလိုစိတ် ကင်းမဲ့နေကြောင်း ဖော်ပြရာ ရောက်သည်ဟု ရုရှားက ဝေဖန်ခဲ့သည်ဟု VOA သတင်းဌာနက ဖော်ပြသည်။

ရုရှားသည် အမေရိကန်ပြည်ထောင်စုအတွက် လုံခြုံရေး ခြိမ်းခြောက်မှု ဖြစ်သည်ဆိုသော အမေရိကန်၏အမြင်ကို သဘောမတူကြောင်း ကရင်မလင်နန်းတော် ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့ဗ်က ပြောကြားခဲ့သည်။ သို့သော်လည်း ဘုံအကျိုးစီးပွားများအတွက် လက်တွဲ ဆောင်ရွက်လိုသော ထရမ့်အစိုးရ၏ သဘောထားကိုမူ ကြိုဆိုသည်ဟု ပြော ကြားခဲ့သည်။
ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သောထရမ့်၏ မဟာဗျူဟာတွင် အမေရိက၏ကြီးမြတ်မှုမှာ ပြိုင်ဘက် အင်အားကြီးများ၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု သတိပေးထားပြီး အမေရိက ပြန်လည် နိုးထလာရန် နည်းလမ်းစုံကို လိုသလို အသုံးပြုသွားမည်ဟုလည်း ပါရှိခဲ့သည်။

အမေရိကန်သည် အင်အားအတွက် ပြိုင်ဘက်များနှင့် နယ်ပယ်အချို့တွင် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သလို စစ်ရေးအင်အားတွင် ပြိုင်ဘက်မရှိ ဖြစ်စေရန်၊ မဟာမိတ်များ၊ အာဏာကို  ပြဋ္ဌာန်းပေးသော အရာအားလုံးနှင့် အပြည့်အဝ ပေါင်းစပ် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထရမ့်၏မိန့်ခွန်းတွင် ရုရှားနှင့် တရုတ်ကို အဓိက စိုးရိမ်စရာကိစ္စများအဖြစ် ထည့်သွင်းပြောကြားခဲ့ပြီး နှစ်နိုင်ငံစလုံးသည် အမေရိကတန်ဖိုးများ၊ ဩဇာလွှမ်းမိုးမှုနှင့် ဓနဥစ္စာကို စိန်ခေါ်ရန်ကြိုးပမ်းနေသည်ဟုလည်း ပြောကြားခဲ့သည်။

သို့သော်လည်း အမေရိကန်သည် သူ့ဦးဆောင်မှုအောက်တွင် လက်လျှော့ အရှုံးပေးမည် မဟုတ်ကြောင်းလည်း ထရမ့်က ပြောကြားခဲ့သည်။

 “ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ကျုပ်တို့တွေဟာ ယှဉ်ပြိုင်မှုခေတ်သစ်ထဲမှာ ရင်ဆိုင်နေရတာပါ။ အမေရိကန် နိုင်မယ်လို့ ကြိုပြောလို့မရပါဘူး”ဟု ထရမ့်က ပြောကြားခဲ့သည်။

ထရမ့်၏ မဟာဗျူဟာနှင့်ပတ်သက်၍ တရုတ်ကလည်း ဝေဖန်ခဲ့ပြီး အမေရိကန်သည် စစ်အေးခေတ် စိတ်ဓာတ်မျိုးကို ပြင်ဖို့လိုကြောင်း တုံ့ပြန်ထားသည်။

F-03



FOLLOW US