News

POST TAGGED AS

ရုရှား

11-Dec-2017

မူဝါဒ
မူဝါဒနဲ့ ကတိတွေကို အကောင်အထည်ဖော်ကြတဲ့အခါ
မူဆိုတာ လူကရေးဆွဲတာ ဖြစ်ပါတယ်။ လူတွေလိုက်နာကျင့်သုံးရမယ့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းဆိုတာကလည်း အဲဒီမူတွေကိုပဲ အခြေခံပြီး ရေးဆွဲကြရပါတယ်။ လူတွေကချမှတ်တဲ့ မူတွေ၊ လူတွေက ရေးဆွဲပြဋ္ဌာန်းကြတဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကိုပဲ လူတွေက လိုက်နာကျင့်သုံးကြရပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ လူတွေချမှတ်ရေးဆွဲကြတဲ့ မူဝါဒတွေ၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို အဲဒီနိုင်ငံအတွင်းမှာရှိကြတဲ့ အစိုးရ၊ ပြည်သူအားလုံး၊ ဆင်းရဲချမ်းသာ လူတန်းစားမရွေး လိုက်နာကျင့်သုံးကြတယ်ဆိုရင် အဲဒီနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်ပါတယ်၊ ကြွယ်ဝချမ်းသာပါတယ်။ ဒီလိုမှမဟုတ်ဘဲ လိုက်နာချင်တဲ့သူက လိုက်နာတယ်၊ မလိုက်နာချင်တဲ့သူက မလိုက်နာဘူး၊ မလိုက်နာဘဲလည်း နေလို့ရတယ်၊ အရေးယူဆောင်ရွက်ရမယ့်သူကလည်း အရေးမယူဘူးဆိုရင် အဲဒီနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်ဖို့ဝေးလို့ ဆင်းရဲခြင်းမက ဆင်းရဲမွဲတေမယ့်အပြင် တိုင်းပြည်ဟာလည်း ပျက်စီးခြင်းဆီသို့သာ ဦးတည်သွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ မဝေးတဲ့ကာလတစ်ကို သမင်လည်ပြန် ပြန်ကြည့်ရင် မဆလခေတ်လို့ခေါ်နေကြတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ဦးဆောင်ရေးဆွဲခဲ့တဲ့ ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်တဲ့ခေတ်ကို ပြန်ပြောင်းသတိရကြပါလိမ့်မယ်။ အခြေခံဥပဒေအရ ပေါ်ပေါက်လာတဲ့ ပြည်သူ့လွှတ်တော်၊ နိုင်ငံတော်ကောင်စီနဲ့ ပြည်သူ့ကောင်စီအဆင့်ဆင့်က အုပ်ချုပ်တဲ့ခေတ်ကာလအကြောင်းကို ကျွန်တော်တို့တစ်တွေ တော်တော်ပဲ မကောင်းပြောကြတာဖြစ်ပါတယ်။ အဲဒီခေတ်ကာလကို မကြိုက်ကြတဲ့အတွက်လည်း ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီး ပေါ်ပေါက်လာပြီး မဆလပါတီနဲ့တကွ အစိုးရယန္တရားကြီးတစ်ခုလုံး ရပ်ဆိုင်းခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။

ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့လို အသက်ခြောက်ဆယ်ကျော် ခုနစ်ဆယ်တန်းတွေဟာ အဲဒီမဆလခေတ်တစ်ခေတ်ကို ကောင်းစွာ ဖြတ်သန်းသိမီလိုက်ကြသူတွေ ဖြစ်ကြပါတယ်။ အထူးသဖြင့် မဆလခေတ် တစ်ခေတ်လုံးကို ဝန်ထမ်းဘဝနဲ့ ဖြတ်သန်းလာခဲ့တဲ့ ကျွန်တော်တို့အနေနဲ့ကတော့ တက်ခဲ့ရတဲ့ နိုင်ငံရေးသင်တန်းတွေ၊ အုပ်ချုပ်ရေးသင်တန်းတွေမှာ သင်ကြားခဲ့ရတဲ့ “လူနှင့်ပတ်ဝန်းကျင်တို့ရဲ့ အညမညသဘောတရား” စာအုပ်နဲ့ “၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ” စာအုပ်တွေကိုတော့ ထုံးလိုခြေ၊ ရေလိုနှောက်ခဲ့ပါတယ်။    

မဆလပါတီရဲ့ လမ်းညွှန်သဘောတရားဖြစ်တဲ့ “လူနဲ့ပတ်ဝန်းကျင်တို့ရဲ့ အညမညသဘောတရား”စာအုပ်ဟာ ဖတ်ကြည့်လိုက်ရင် အကောင်းတွေများပါတယ်။ သူက လူကိုဦးစားပေးပါတယ်၊ လူကောင်းသူကောင်းတွေ ဦးဆောင်မှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မယ်လို့ ဆိုပါတယ်။ နောက်ပြီးတော့ သဘောတရားနဲ့ လက်တွေ့ကို သမမျှတအောင် ပေါင်းစပ်ပေးပါတယ်။ အလွတ်ကျက်ခဲ့တာလေး ပြန်ပြောရရင် “သဘောတရားဟူသည် ဘဝရှေ့ဆောင် မီးရှူးရောင်၊ လက်တွေ့ဟူသည် သဘောတရားအမြင် မှတ်ကျောက်ပင်”လို့တောင် ဆိုခဲ့ပါတယ်။ ဒါပေမဲ့ အမှန်တကယ်ရော လက်တွေ့ဘဝကို သဘောတရားက ဦးဆောင်ခဲ့လေသလား၊ အဲဒီသဘောတရားကရော လက်တွေ့ဘဝရဲ့ မှတ်ကျောက်အတင်ခံနိုင်ရဲ့လား ဆိုတာကတော့ သိမီလိုက်သူတွေရော၊ မသိမမီလိုက်သူတွေရော အားလုံးသိပြီးသားမို့ အထူးမပြောလိုတော့ပါ။

အခြေခံဥပဒေဘက်ကို ပြန်ကြည့်လိုက်မယ်ဆိုရင်လည်း ရေးထားတဲ့ ဖွဲ့စည်းပုံတွေ၊ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ၊ နိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့ တာဝန်တွေဟာ ရေပက်လို့မဝင်နိုင်အောင်ပါပဲ။ ရွေးကောက်ခံကြရမယ့် ပြည်သူ့ကိုယ်စားလှယ်တွေကို အပြိုင်မရှိတဲ့ပါတီက ရွေးချယ်သတ်မှတ်ပြီး တစ်ကောင်တည်းပြေးတဲ့မြင်းလို ယှဉ်ပြိုင်သူမရှိ အရွေးခံကြတယ်ဆိုပေမယ့်လည်း တကယ်တမ်းသာ အညမညသဘောတရားစာအုပ်မှာ ဖော်ပြထားတဲ့ လူကောင်းသူကောင်းတွေ ဖြစ်မယ်ဆိုရင်တော့ တိုင်းပြည်ဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်ကတည်းက ဖွံ့ဖြိုးဆဲတိုင်းပြည် (Developing Country) တစ်ခု ဖြစ်နေလောက်ပြီဆိုတာ အထူးပြောစရာမလိုတော့ပါဘူး။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီနဲ့ ပြည်သူ့ကောင်စီတစ်ခေတ်ကို ခြုံငုံပြီး သုံးသပ်ရမယ်ဆိုရင် မူနဲ့လူနဲ့ တစ်ထပ်တည်းမကျဘူးလို့ ပြောရမယ်ထင်ပါတယ်။ ချမှတ်ထားတဲ့မူတွေက ကောင်းတဲ့အချက်တွေပါပေမယ့်လည်း လူတွေက ဆရာမွေး၊ တပည့်မွေးတွေ လုပ်ကြတယ်၊ အထက်ကိုဖားပြီး အောက်ကိုဖိကြတယ်။ မိမိရဲ့ရာထူး၊ နေရာ၊ ဌာနတည်မြဲရေးအတွက် လူကြီးကျေနပ်အောင် သတင်းအချက်အလက်တွေကို လိမ်ညာတင်ပြကြတယ်။ ဒါကြောင့် တိုင်းပြည်ရဲ့ အရေးကြီးတဲ့ အဆုံးအဖြတ်တွေကို ချမှတ်ရာမှာ အခြေခံရမယ့် သတင်းအချက်အလက်တွေဟာ အမှန်တရားနဲ့ ကင်းကွာခဲ့တာပါပဲ။ အဲဒီလို မှားယွင်းတဲ့ကိန်းဂဏန်းတွေကို အခြေခံပြီးချမှတ်ခဲ့တဲ့ ဆိုရှယ်လစ်စီးပွားရေး စီမံကိန်းတွေကနေ တိုင်းပြည်ကို ဆင်းရဲတွင်း ဆွဲသွင်းခဲ့တာမို့ အဆင်းရဲဆုံးတိုင်းပြည်လို့ အများကပြောနေကြတဲ့ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးတိုင်းပြည် (Least Developed country)အဖြစ်ကို ဆိုက်ရောက်သွားတာပါပဲ။

နောက်တစ်ခေတ်ဖြစ်တဲ့ ၁၉၈၈ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ ဖြတ်သန်းခဲ့ရတဲ့အခြေအနေကို ကြည့်မယ်ဆိုပြန်ရင်လည်း နိုင်ငံရေးဦးတည်ချက်၊ စီးပွားရေးဦးတည်ချက်၊ လူမှုရေးဦးတည်ချက် စတဲ့ ဦးတည်ချက် ၁၂ ရပ်ကို တိုင်းပြည်ရဲ့ မူဝါဒများအဖြစ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာမှာ နိုင်ငံရေးဦးတည်ချက်လေးရပ်ကလွဲလို့ ကျန်တဲ့ စီးပွားရေးနဲ့ လူမှုရေးဦးတည်ချက်တွေကို အောင်မြင်အောင် အကောင်အထည်ဖော် မဆောင်ရွက်နိုင်ခဲ့ကြပါဘူး။ နိုင်ငံတော်ရဲ့ စီးပွားရေးတစ်ရပ်လုံးကို ဖန်တီးနိုင်တဲ့စွမ်းအားကလည်း လူတစ်စုလက်ထဲ ရောက်သွားခဲ့သလို တစ်မျိုးသားလုံးရဲ့ စိတ်ဓာတ်နဲ့ အကျင့်စာရိတ္တဟာလည်း မြင့်မားမလာတဲ့အပြင် အနိမ့်ဆုံးအဆင့်ကိုတောင် ရောက်သွားခဲ့ပါတယ်။ ယဉ်ကျေးသိမ်မွေ့ပြီး ကိုယ်ချင်းစာတရားနဲ့ ပြည့်စုံတဲ့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ စိတ်ဓာတ်ကို ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်ဓာတ်မျိုးတွေ ဖြစ်သွားခဲ့တာဟာလည်း မူကတခြား လူကတခြား ဖြစ်ခဲ့လို့ပဲဖြစ်ပါတယ်။

မဆလခေတ်နဲ့ နဝတခေတ်တို့ရဲ့ တူညီတဲ့အချက်တစ်ခုကတော့ တိုင်းပြည်ရဲ့ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်တဲ့ လူကြီးထံ သတင်းအချက်အလက် တင်ပြတဲ့အခါမှာ ပကတိဖြစ်ရပ်မှန် အခြေအနေကို ဖုံးကွယ်ပြီးတော့ လိမ်ညာတင်ပြခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီခေတ်ဒီအခါမှာ အဲဒီလိုမဖြစ်ဖို့ကတော့ တိုင်းပြည်အတွက် အသက်တမျှအရေးကြီးပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီးနောက် ဥပဒေပြုအဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို ပြည်သူက ရွေးကောက်တင်မြှောက်ကြပြီး ဒီမိုကရေစီစနစ်နဲ့ ချီတက်လာကြတာ အခုဆိုရင် ဒုတိယသက်တမ်းတောင် ရောက်ရှိလာပြီ ဖြစ်ပါတယ်။ အထက်မှာပြောခဲ့သလိုပဲ အစိုးရတစ်ရပ်ဟာ နိုင်ငံတာဝန်ယူလာပြီဆိုရင် သူ့ရဲ့မူဝါဒတွေကို ချမှတ်ပြီး အဲဒီမူဝါဒတွေနဲ့ ညီညွတ်တဲ့ ဥပဒေတွေကိုပြဋ္ဌာန်း၊ မူဝါဒတွေနဲ့ မညီညွတ်တဲ့ ဥပဒေတွေကို ပယ်ဖျက် စသည်ဖြင့် လုပ်ကြပါတယ်။ လွှတ်တော်ကပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေဟာ အစိုးရတစ်ရပ်ရဲ့ မူဝါဒတွေနဲ့ ညီညွတ်ရုံမျှသာမကပါဘူး၊ ကျန်တဲ့ပြည်သူ့ကိုယ်စားလှယ်တွေ၊ အစိုးရအဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေအားလုံးရဲ့ ပြုမူဆောင်ရွက်မှုတွေ၊ ပြောသမျှ ဆိုသမျှတွေအားလုံးဟာလည်း မူဝါဒတွေနဲ့ ကိုက်ညီဖို့လိုပါတယ်။

ဘာကြောင့်လဲဆိုတော့ ပြည်သူတွေဟာ အစိုးရအဖွဲ့ဝင်တွေ၊ တာဝန်ရှိပုဂ္ဂိုလ်တွေ၊ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ ပြောစကားတွေကို နိုင်ငံတော်ရဲ့ မူဝါဒတွေအဖြစ် မှတ်ယူကြလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် တာဝန်ရှိပုဂ္ဂိုလ်တွေဟာ အလုပ်တစ်ခုလုပ်မယ်ကြံရင်၊ စကားတစ်ခွန်းပြောမယ်ကြံရင်၊ ကိုယ်လုပ်မယ့်အလုပ်၊ ကိုယ်ပြောမယ့်စကားဟာ နိုင်ငံတော်ရဲ့မူဝါဒတွေ၊ ဥပဒေစည်းကမ်းတွေနဲ့ ကိုက်ညီရဲ့လား၊ ယုတ်စွအဆုံး နိုင်ငံတော်ရဲ့ ဘဏ္ဍာရေးအခြေအနေက ခွင့်ပြုပေးနိုင်ရဲ့လားဆိုတာကို အရင်ဆုံး စဉ်းစားတွေးခေါ်ဖို့တော့ လိုမှာဖြစ်ပါတယ်။ မဟုတ်ရင်တော့ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်း၊ ကိုယ်လုပ်လိုက်တဲ့ အလုပ်တစ်ခု အကောင်အထည်ပေါ်မလာရင် ကတိမတည်သူ၊ လေလုံးထွားသူအဖြစ် ပြည်သူက မှတ်ယူသွားမှာ ဖြစ်ပါတယ်။ မိမိဟာ အစိုးရကိုကိုယ်စားပြုပြီး ပြောဆိုတာဖြစ်လို့ အစိုးရကိုလည်း ကတိမတည်တဲ့ အစိုးရအဖြစ် ပြည်သူက မှတ်ယူသွားမှာ ဖြစ်ပါတယ်။

အခမ်းအနားတစ်ခုမှာပဲဖြစ်ဖြစ်၊ သတင်းစာရှင်းလင်းပွဲတစ်ခုမှာပဲဖြစ်ဖြစ် သတင်းထောက်တွေက သိချင်လို့ မေးခွန်းမေးတဲ့အခါ ရုတ်တရက် ဖြေကြားကြရတာ ရှိကြပါတယ်။ ဒီလိုဖြေကြတဲ့အခါမှာ တာဝန်ရှိပုဂ္ဂိုလ် တချို့ဟာ ပြည်သူရဲ့ဆန္ဒကို မဆန့်ကျင်ချင်တဲ့အတွက် ပြည်သူကြိုက်တဲ့၊ ပြည်သူသဘောကျ နှစ်သက်မယ်လို့ထင်ရတဲ့ အဖြေမျိုးတွေကို ပေးတတ်ကြပါတယ်။ လွှတ်တော်အစည်းအဝေးတွေမှာလည်း အလားတူပါပဲ။ ကိုယ်စားလှယ်တွေက ထပ်ဆင့်မေးတဲ့ မေးခွန်းတွေကို ဖြေကြားရာမှာ လတ်တလောပြဿနာကို ဖြေရှင်းဖို့အတွက် မေးခွန်းတွေကို ပြီးစလွယ် ဖြေတတ်ကြပါတယ်။

ဒီလိုဖြေကြားပြီးတဲ့အခါမှာ ပြည်ထောင်စုဝန်ကြီးတွေဟာ လုပ်ငန်းတာဝန်များပြားလှတဲ့အတွက် ကိုယ်ဖြေခဲ့တဲ့မေးခွန်းကို အာရုံမထားနိုင်တော့ဘဲ တခြားကိစ္စတွေဘက်ကိုတစ်ခါ ဦးလှည့်ရပြန်ပါတယ်။ ဥပမာပေးရရင် စာမေးပွဲဖြေခဲ့တဲ့ ကျောင်းသားတစ်ယောက်ဟာ ဘာသာရပ်တစ်ခု ကိုဖြေဆိုပြီးရင် အဲဒီဘာသာရပ်နဲ့ပတ်သက်တဲ့ အကြောင်းအရာကို ခေါင်းထဲမှာ ကြာကြာမထားနိုင်ပါဘူး။ ကျောင်းသားလေးတစ်ယောက်အတွက်ကတော့ ဖြေပြီးတဲ့ဘာသာရပ်ကို ခေါင်းထဲကထုတ်ပစ်တာက သူ့တစ်ယောက်ထဲရဲ့ကိစ္စဖြစ်ပေမယ့် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်/ ဝန်ကြီးတစ်ယောက်အတွက်ကတော့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူတွေဟာ အခုလိုဖြေကြားသွားတဲ့အပေါ် မျှော်လင့်တကြီးနဲ့ စောင့်မျှော်နေကြတာဖြစ်လို့ပါပဲ။

ပြည်သူတွေမျှော်လင့်နေတဲ့ရလဒ်ဟာ ခြောက်လလည်းပေါ်မလာ၊ တစ်နှစ်လည်းပေါ်မလာဆိုတဲ့အခါကျတော့ ပြည်သူတွေဟာ ကတိပေးသွားတဲ့ ပုဂ္ဂိုလ်ကိုသာမက အစိုးရအပေါ်၊ ပါတီအပေါ်မှာပါ ယုံကြည်မှု ကျဆင်းလာကြမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ အဖြေပေးသွားတဲ့ပုဂ္ဂိုလ်၊ ကတိပေးသွားတဲ့ပုဂ္ဂိုလ်အနေနဲ့ မိမိပြောခဲ့တဲ့စကား၊ မိမိပေးခဲ့တဲ့ကတိကို တာဝန်ယူတဲ့အနေနဲ့ မိမိပေးခဲ့တဲ့ကတိအတိုင်း အမှန်တကယ် အကောင်အထည်ဖော်နိုင်တဲ့အထိ သက်ဆိုင်ရာပုဂ္ဂိုလ်တွေ/ အဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်းခြင်း၊ ဖိအားပေးခြင်း စသည်တို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

ဒီနေရာမှာ မိကျောင်းမင်း ရေကင်းပြတာမဟုတ်ပေမယ့် ဉာဏ်မီသလောက် အကြံပြုတင်ပြရမယ်ဆိုရင်တော့ လွှတ်တော် သို့မဟုတ် ပြည်သူ သို့မဟုတ် သတင်းမီဒီယာတွေရဲ့ရှေ့မှာ ကတိတစ်ခုပေးခဲ့ပြီးပြီဆိုရင် မိမိကိုယ်တိုင် အချိန်မပေးနိုင်လို့၊ အခြေအနေမပေးလို့ ချက်ချင်းလက်ငင်း မဆောင်ရွက်နိုင်ပေမယ့် မိမိလက်အောက်မှာရှိတဲ့  ဌာနအကြီးအကဲတွေကို ဆက်လက်ညွှန်ကြား တာဝန်ပေးအပ်ဖို့ လိုအပ်ပါတယ်။ နိုင်ငံရေးရာထူးကို ယူထားသူတွေအနေနဲ့ ဒီလိုလုပ်မယ်ဆိုတာ ယုံမှားသံသယဖြစ်စရာ မရှိပါဘူး။ ဒါပေမဲ့ လေ့လာမိသလောက် ဒီနေရာမှာ အရပ်သားဝန်ကြီးတွေအနေနဲ့ အားနည်းချက်တစ်ခုရှိတာက စဉ်ဆက်မပြတ် တွန်းအားပေးဖို့၊ ဖိအားပေးဖို့ အားနာနေတာလား၊ ထောက်ထားစရာတွေ ရှိနေတာလားဆိုတာကတော့ မသိပါဘူး။

စီမံခန့်ခွဲရေးရဲ့ လုပ်ငန်းစဉ်အနေနဲ့ပြောရရင် စစ်ဆေးခြင်း၊ ပြန်လည်စစ်ဆေးခြင်းနဲ့ ပြန်လှန်စစ်ဆေးခြင်း (Check, Recheck နဲ့ Counter Check)ဆိုတာရှိပါတယ်။ တစ်ချိန်က တပ်မတော်အရာရှိတွေဟာ ဒီဘက်မှာ ကျွမ်းကျင်ကြပါတယ်။ လုပ်ငန်းတစ်ခုကို တာဝန်ပေးအပ်ပြီးရင် အဲဒီလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်လို့ မပြီးမချင်း စဉ်ဆက်မပြတ် ဖိအားပေးတာတွေ၊ တွန်းအားပေးတာတွေကို အားမနာတမ်း လုပ်ကြတဲ့အပြင် တာဝန်မကျေဘူး၊ မဆောင်ရွက်ဘူးဆိုရင်လည်း အားမနာတမ်း ပြတ်ပြတ်သားသား အရေးယူကြပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေအနေနဲ့ မိမိအစိုးရအဖွဲ့က ချမှတ်လိုက်တဲ့မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေ၊ စီမံကိန်းတွေကို သက်ဆိုင်ရာဦးစီးဌာနတွေက အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ နှောင့်နှေးကြန့်ကြာခြင်း၊ ဖင့်နွှဲခြင်းမဖြစ်ရအောင် အထက်ဖော်ပြပါ နည်းလမ်းများနဲ့ စစ်ဆေးကြပ်မတ်ရမှာ ဖြစ်ပါတယ်။ ကုန်ကုန်ပြောရင် လုပ်ငန်းဆောင်ရွက်ဖို့ ဘဏ္ဍာရန်ပုံငွေမရှိဘူးလို့ ပြောလာရင်တောင် ပြည်သူအကျိုးအတွက် လိုအပ်လာရင် ဘဏ္ဍာရန်ပုံငွေရရှိရေးအတွက်ပါ အားထုတ်ကြိုးပမ်း ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ပြောရရင်တော့ နိုင်ငံတော်ရဲ့မူဝါဒတွေဟာ နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းလမ်းညွှန်ချက်များ ဖြစ်ကြသလို လက်တွေ့လုပ်ငန်းများကို ဆောင်ရွက်လုပ်ကိုင်ကြရာမှာလည်း အဲဒီမူဝါဒများနဲ့အညီ ဆောင်ရွက်လုပ်ကိုင် ပြောဆိုကြဖို့ အရေးကြီးပါတယ်။ တာဝန်ရှိပုဂ္ဂိုလ်အဆင့်ဆင့်ရဲ့ ပြောဆို၊ ပြုမူ၊ လုပ်ကိုင်ဆောင်ရွက်မှုတွေဟာလည်း မူဝါဒများနဲ့အညီသာ ဖြစ်သင့်ပါတယ်။ အဲဒီမူဝါဒဘောင်တွေထဲက မိမိပေးခဲတဲ့ကတိတွေ  မပျက်မကွက်အကောင်အထည်ဖော်ဆောင်ရွက်ဖို့ စဉ်ဆက်မပြတ် တွန်းအားပေးခြင်း၊ စစ်ဆေးကြပ်မတ်ခြင်းများ ဆောင်ရွက်ကြမှသာလျှင် ပြည်သူတွေ မျှော်လင့်တောင့်တနေတဲ့ နိုင်ငံတော်သစ်ကြီး ပေါ်ထွန်းလာမှာ ဖြစ်ပါတယ် ...။

သိန်းထက်အောင်

  • VIA


FOLLOW US