News

POST TAGGED AS

ရုပ်ရှင်

မြန်မာနိုင်ငံမှ မြဂနိုင်ရုပ်ရှင်ဇာတ်ကား ပထမဆုံး ယူနက်စကို စာရင်းဝင်
ရန်ကုန်၊ ဇွန် ၅

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၈၀ ကျော်ကရိုက်ကူးခဲ့သော မြဂနိုင်ရုပ်ရှင်ဇာတ်ကား ပထမဆုံးယူနက်စကို စာရင်းဝင်(ဒေသအဆင့်)အဖြစ် သတ်မှတ်ခဲ့ကြောင်း မြန်မာနိုင်ငံမှ ယူနက်စကိုအမျိုးသား ကော်မရှင်အတွင်းရေးမှူးချုပ်အဖြစ် တက်ရောက်ခဲ့သော ရန်ကုန်နိုင်ငံခြား ဘာသာသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က ပြောကြားသည်။

“အာရှ - ပစိဖိတ် မှတ်တမ်းအမွေအနှစ်ဆိုင်ရာ ကော်မတီ အစည်းအဝေးက ပေးခဲ့တာပါ။ မနက်ဖြန်ကျ ရန်ကုန် နိုင်ငံခြား ဘာသာသင်တက္ကသိုလ်မှာ ယူနက်စကို လက်မှတ်ပေးအပ်မယ့် အခမ်းအနားရှိတယ်။ ရုပ်ရှင်လောက,က လူတချို့လည်း လာမယ်”ဟု ၎င်းကဆိုသည်။

အာရှ - ပစိဖိတ် မှတ်တမ်း အမွေအနှစ်ဆိုင်ရာ ကော်မတီအစည်းအဝေးကို မေလကုန်က ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့၌ ပြုလုပ်ခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံပေါင်း ၂၆နိုင်ငံအနက်မှ ယူနက်စကို စာရင်းဝင် (ဒေသအဆင့်) ရွေးချယ်ခံရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မြဂနိုင်ရုပ်ရှင်ဇာတ်ကားကို ၁၉၃၄ ခုနှစ်တွင် နာမည်ကျော် အေဝမ်းဖလင်ကထုတ်လုပ်၍ ဒါရိုက်တာ မောင်တင်မောင် ရိုက်ကူးခဲ့ပြီး မင်းသားချစ်ရွှေနှင့် မင်းသမီးမြင့်မြင့်တို့က အဓိက သရုပ်ဆောင်ထားသည့် ၉၇ မိနစ်စာ ဂန္ထဝင်မြောက် ရုပ်ရှင်ဇာတ်ကားဖြစ်သည်။

“ယူနက်စကို မှတ်တမ်းစာရင်းဝင် (ဒေသအဆင့်) ရခဲ့တာ နိုင်ငံအနေနဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားပါ။ လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုလုပ်ဖို့ အကူအညီတွေရမှာပေါ့။ လောလောဆယ် အသေးစိတ်တော့ ဘာမှမသိရသေးဘူး”ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထို့အပြင် မြဂနိုင်ဇာတ်ကားနှင့်ပတ်သက်၍ နိုင်ငံတကာ အကဲဖြတ်ပညာရှင်များကို ရှင်းလင်းတင်ပြရာတွင် ပြိုင်ဘက်နိုင်ငံများနှင့် ပြင်ဆင်မှုအပိုင်း ကွာခြားမှုရှိခဲ့ပြီး ယင်းနိုင်ငံများက မှတ်တမ်းပုံစံတူ ပိုစတာ ပိတ်ကားလိပ်များ၊ စာအုပ်များ ပုံနှိပ်၍ ဝေငှခြင်းစသဖြင့် အသေးစိတ် ပြင်ဆင်ပြသသော်လည်း စာရွက်ပင် ဝေငှနိုင်ခြင်း မရှိသည့် မြဂနိုင်ရုပ်ရှင်ဇာတ်ကားမှာ အကဲဖြတ် ကော်မတီဝင် ပညာရှင်များ၏ မဲပေးရွေးချယ်မှုဖြင့် ယူနက်စကို မှတ်တမ်းစာရင်းဝင် (ဒေသအဆင့်)အဖြစ် ရရှိခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာကြည်ရွှင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားဖော်ပြထားသည်။

အလားတူ မြောက်ဦးယဉ်ကျေးမှုအမွေ အနှစ်ဒေသ၏ ရှေးဟောင်းကျောက်စာ အာနန္ဒာကျောက်စာကိုလည်း ဒေသအဆင့် ယူနက်စကို မှတ်တမ်း အမွေအနှစ်အဖြစ် စာရင်းဝင်ခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ သိရသည်။ 

J-17



FOLLOW US