News

POST TAGGED AS

ရုပ်ရှင်

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဇာတ်ညွှန်းကို ဇူလိုင်လအတွင်း အပြီးရေးဆွဲမည်
ရန်ကုန်၊ ဧပြီ ၂၄ 

ဒုတိယအကြိမ်ရိုက်ကူးရန် ကြိုးစားနေသည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အတွက် ဇာတ်ညွှန်းကို ဇူလိုင်လအတွင်း အပြီးသတ်ရေးဆွဲမည်ဖြစ်ပြီး ယခင်လျာထားချက်အတိုင်း ၂၀၁၉ခုနှစ်အတွင်း အပြီးရိုက်ကူးကာ ၂၀၂၀ နှစ်ဆန်းပိုင်းတွင် ပြသနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

ဧပြီလ ၂၄ ရက်က ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်သည့် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ဖြစ်မြောက်ရေးလုပ်ငန်းကော်မတီ စတုတ္ထအကြိမ်လုပ်ငန်း ညှိုနှိုင်းအစည်းအဝေးအပြီးတွင် သူရဦးအောင်ကိုက ရှင်းပြခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တာဝန်ပေးချက်အရ အဆိုပါ ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌအဖြစ် ၎င်းက ဆောင်ရွက်နေခြင်းဖြစ်သည်။

“ဒီကားက အရမ်းတာဝန်ကြီးပါတယ်။ ကျွန်တော်တို့လည်း တစ်ခုခုဆို အရမ်းစိတ်ပူပါတယ်။ ဇာတ်ညွှန်းပြီးမှပဲ အားလုံးဆက်လုပ်လို့ရမယ့် အနေအထား၊ ဒါရိုက်တာမင်းထင်ကိုကိုကြီးကလည်း ဇွန်၊ ဇူလိုင်လအတွင်းမှာ အပြီးသတ်ဖို့ ကတိပေးထားပါတယ်”ဟု ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဆိုသည်။

ယင်းဇာတ်ကားအတွက် ကျပ်ငွေ သန်းတစ်ထောင့်ငါးရာ အသုံးပြုရန် ကနဦးလျာထားပြီး လိုအပ်ပါက သန်းသုံးထောင်အထိ အသုံးပြုသွားမည်ဖြစ်ကာ လက်ရှိတွင် အလှူငွေလက်ခံရရှိမှုမှာ ကျပ်ငွေ သိန်းပေါင်း တစ်သောင်းနှစ်ထောင်နှစ်ရာ ခုနစ်ဆယ့်ငါးသိန်းနှင့် အမေရိကန်ဒေါ်လာ လေးထောင့်ရှစ်ရာတစ်ဆယ့်သုံးဒေါ်လာ လက်ခံရရှိပြီးဖြစ်သည်။

လက်ရှိတွင် သရုပ်ဆောင်များအတွက် လိုအပ်သည့် သင်တန်းများနှင့် သင်ကြားမှုများအပါအဝင် သမိုင်းဆိုင်ရာ အထောက်အထားများ စုဆောင်းမှု၊ ဗိုလ်ချုပ်ဆောင်ဆန်း အမှန်တကယ် အသုံးပြုခဲ့သည့် အသုံးအဆောင်များနှင့်ပတ်သက်ပြီး စိစစ်၍ ဇာတ်လမ်းတွင် အစားထိုးထည့်သွင်း ရိုက်ကူးနိုင်ရန် ပစ္စည်းကိရိယာများ စုဆောင်းလျက်ရှိသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကို ၂၀၁၃ ခုနစ်ဝန်းကျင်ကလည်း ရိုက်ကူးရန်ကြိုးစားခဲ့သော်လည်း အမှန်တကယ် ဖြစ်မလာသောကြောင့် ပြည်သူလူထုကြား ဝေဖန်မှုများမြင့်တက်ခဲ့သည်။

ဝေလင်း



FOLLOW US