News

POST TAGGED AS

ရိုက်တာ

ရိုက်တာသတင်းထောက် နှစ်ဦး၏ဖုန်းမှ စာရွက် ၂၁ ရွက်ကို တရားရုံးက ဆက်လက်စစ်ဆေး
ရန်ကုန်၊ မေ ၂၈

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် တရားစွဲခံထားရသည့် ရိုက်တာ သတင်းထောက်နှစ်ဦး၏ ဖုန်းမှရရှိသည့် စာရွက်များကို ယနေ့ရုံးချိန်းတွင် သေချာအောင် ဆက်လက်စစ်ဆေးခဲ့ကြောင်း သတင်းထောက်နှစ်ယောက်၏ ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။

ရုံးချိန်းတွင် တရားလိုပြသက်သေ CID မှ ကျွမ်းကျင်ပညာရှင် ရဲမှူးအောင်ကျော်ဆန်းကို မေ ၂၈ ရက်က မြောက်ပိုင်းခရိုင်တရားရုံးတွင် သုံးကြိမ်မြောက် ဆက်လက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

“ဒီနေ့မှာ ဖုန်းထဲက သက်သေခံ စာရွက် ၂၁ ရွက်ကို သေချာအောင် တိုက်စစ်တယ်။ ကျွန်တော်တို့ဘက်က ပြန်လှန်မေးခွန်း ငါးခုလောက်ပဲ မေးရသေးတယ်။ မနက်ဖြန်မှ ထပ်စစ်ဆေးပါမယ်”ဟု ၎င်းက ဆိုသည်။

ရုံးချိန်းတွင် CID မှ ကျွမ်းကျင်ပညာရှင် ရဲမှူးအောင်ကျော်ဆန်းကို တရားလိုပြသက်သေအဖြစ် ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကျော်စိုးဦးတို့ဖုန်းကို ကျွမ်းကျင်ပညာရှင် ခုနစ်ဦးဖြင့်စစ်ဆေးခဲ့ပြီး သက်သေခံစာရွက် ၂၁ ရွက်ကို တရားရုံးတွင် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

သတင်းထောက်နှစ်ဦးသည် ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ကျေးရွာတွင် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်သည့်သတင်းကို ဖော်ထုတ်ရေးသားသော်လည်း အင်းဒင်သတင်းနှင့် ပတ်သက်သည့် သက်သေခံစာရွက်များ မပါဝင်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါအမှုတွင် တရားလိုပြသက်သေ ၂၄ ယောက်တွင် ၂၀ ဦးကို စစ်ဆေးပြီးဖြစ်သည်။

နောက်ထပ်ရုံးချိန်းကို မေလ ၂၉ ရက်တွင် ထပ်မံချိန်းဆိုထားပြီး ရုံးချိန်းတွင် စီအိုင်ဒီမှုခင်းတပ်ဖွဲ့က ရဲမှူးအောင်ကျော်ဆန်းကို လေးကြိမ်မြောက် စစ်ဆေးမည်ဖြစ်သည်။

ဖမ်းဆီးခံထားရသည့်ရိုက်တာ သတင်းထောက် ကိုဝလုံး (ခ) ကိုသက်ဦးမောင်နှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ အပါအဝင် ရဲဝန်ထမ်းနှစ်ဦးတို့ကို ဒီဇင်ဘာလ ၁၂ ရက်က ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခနှင့်ပတ်သက်၍ စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိသည်ဟူ၍ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်နယ်မြေရဲစခန်းက နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

J-18



FOLLOW US