News

POST TAGGED AS

ရိုက်တာ

ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းထားခြင်းမဟုတ်၊ ရဲမှူးချုပ် တင်ကိုကို ကို အရေးယူထားခြင်းမရှိဟုဆို
နေပြည်တော်၊ မေ ၁၅

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး ထောင်ချောက်ဆင်ဖမ်းထားခြင်းမဟုတ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်အောင်ဝင်းဦးက ပြောကြားလိုက်သည်။

“ဦးမိုးရန်နိုင်က ထောင်ချောက်ဆင်ဖမ်းဆီးတယ်လို့ ထွက်ဆိုတာရှိပါတယ်။ အဲ့ဒီတော့ ထောင်ချောက်ဆင်ဖမ်းဆီးမှု မဆောင်ရွက်ပါဘူး။ မလုပ်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီဦးမိုးရန်နိုင် (ဒုရဲမှူးဟောင်း) ရဲ့ အပြောတစ်ခုကိုပဲ သိထားတာရှိပါတယ်။ တရားလိုပြသက်သေကျန်ပါသေးတယ်။ တရားလိုပြသက်သေတွေရဲ့ တရားရုံးရှေ့ ထွက်ဆိုချက်တွေကိုလည်း နားထောင်ကြည့်ပါဦးလို့ ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံလိုပါတယ်” ဟု ၎င်းက ဆိုသည်။

နေပြည်တော်တွင် မေလ ၁၅ ရက်က ပြုလုပ်သည့် အစိုးရ ၂ နှစ်ပြည့် လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းသည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးမိုးရန်နိုင်သည် ဒုရဲမှူးရာထူး ရှိနေသေးသည့်အချိန်တွင် တရားလိုပြသက်သေအဖြစ်ထွက်ဆိုရာ၌ ရဲမှူးချုပ် တင်ကိုကိုက ညွန်ကြားသောကြောင့် သတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင်ဖမ်းခဲ့သည်ဟု ထွက်ဆိုခဲ့ပြီးနောက် တာဝန်မှ ရပ်စဲခံရသည့်အပြင် ဝန်ထမ်းစည်းမျဉ်းအရ ထောင်ဒဏ် တစ်နှစ်ချခံထားရခြင်းဖြစ်သည်။

“လတ်တလော အခြေအနေတွေမှာတော့ ရဲမှူးချုပ်တင်ကိုကိုကို အရေးယူဆောင်ရွက်ထားတာမရှိဘူးလို့ ပြောချင်ပါတယ်။ သူကလည်း ဦးမိုးရန်နိုင်ပြောသလို ထောင်ချောက်ဆင်တဲ့ဇာတ်လမ်းကို အခြေအနေကို ဖန်တီးခဲ့တာမဟုတ်ပါဘူး။ ရိုက်တာ သတင်းထောက် ပုဂ္ဂိုလ် ၂ ဦးကို ရဲမှူးချုပ် တင်ကိုကို တွေ့ဖူးခြင်းလည်း မရှိပါဘူး။ သူတို့ကို ဥပဒေနဲ့အညီ ရင်ဆိုင်မှ သိတာ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ရဲမှူးချုပ်တင်ကိုကိုက ထောင်ချောက်ဆင်ဖမ်းဖို့ ဦးမိုးရန်နိုင်ကို အမိန့်မပေးခဲ့ပါဘူး”ဟု ရဲချုပ်က ဆိုသည်။

ယင်းအမှုတွင် တရားလိုသက်သေ ၂၅ ဦးရှိပြီး ၁၈ ဦးစစ်ဆေးထားပြီး ဖြစ်သောကြောင့် သက်သေ ၇ ဦးစစ်ဆေးရန် ကျန်ရှိနေသေးကြောင်း၊ ယင်းကြောင့် သက်သေတွေ အားလုံးထွက်ဆိုပြီး တရားရုံး၏ ဆုံးဖြတ်ချက်အတိုင်းသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲချုပ်က ပြောကြားသည်။

S-01



FOLLOW US