News

POST TAGGED AS

ရိုက်တာ

ရိုက်တာသတင်းထောက်နှစ်ယောက်ကို စွဲချက်မတင်ခင် လွှတ်ပေးရန် လျှောက်လဲချက်တင်
ရန်ကုန်၊ ဧပြီ ၎

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် မငြိစွန်းခဲ့သောကြောင့် တရားစွဲဆိုခံထားရသည့် ရိုက်တာသတင်းထောက်နှစ်ဦး၏ အမှုကို စွဲချက်မတင်ခင် လွှတ်ပေးရန် လျှောက်လဲချက်တင်ခဲ့ကြောင်း သတင်းထောက်နှစ်ဦး ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။

ရိုက်တာသတင်းထောက်နှစ်ဦး၏ ၁၂ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးမှုကို ဧပြီလ ၄ ရက်က မြောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

“ဒီနေ့က နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ မငြိစွန်းတဲ့အကြောင်းကို လျှောက်လဲချက်တင်ခဲ့တာပါ”ဟု ၎င်းက ဆိုသည်။

သတင်းထောက်နှစ်ယောက်အမှုတွင် တရားလိုပြသက်သေများကို တရားရုံးက စစ်ဆေးသည့်အခါ နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေနှင့် ငြိစွန်းမှုမရှိခြင်းကို တွေ့ရသည့်အတွက် ယနေ့ရုံးချိန်းတွင် ၎င်းတို့နှစ်ဦးကို ပြန်လွှတ်ပေးရန် လျှောက်လဲချက် တင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ရိုက်တာသတင်းထောက်နှစ်ယောက်၏ အမှုကို ဗြိတိန်နိုင်ငံ၊ လန်ဒန်အခြေစိုက် လူ့အခွင့်အရေးရှေ့နေ Amal Clooneyက နိုင်ငံတကာဥပဒေများဖြင့် အကြံဉာဏ်ပေး ဆောင်ရွက်သွားရန်ရှိကြောင်း သတင်းထောက်နှစ်ဦး၏ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။

ယနေ့တွင်ပင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ သတင်းလွတ်လပ်ခွင့်ရရှိရေးနှင့် ဖမ်းဆီးတရားစွဲဆိုထားသော သတင်းထောက်နှစ်ဦး လွှတ်ပေးရန် မြန်မာနိုင်ငံ သတင်းသမားများ ကာကွယ်ရေးကော်မတီ (PCMJ) က အိတ်ဖွင့်စာ ပေးပို့ခဲ့သည်။

အဆိုပါသတင်းထောက်နှစ်ဦး၏ နောက်ထပ်ရုံးချိန်းကို ဧပြီလ ၁၁ ရက်သို့ ထပ်မံချိန်းဆိုခဲ့သည်။

J-18



FOLLOW US