News

POST TAGGED AS

နှမ်း

20-Jun-2018

စပါး နှမ်း
ပျက်စီးနှမ်းခင်းများကို စပါးမျိုးစေ့ အခမဲ့ပေးမည်
ရန်ကုန်၊ ဇွန် ၁၉

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပျက်စီးသွားသည့် နှမ်းခင်းဧက ငါးသောင်းနေရာတွင် စပါးစိုက်ပျိုးလိုပါက မျိုးစေ့အခမဲ့ပေးဝေမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောကြားသည်။

နှမ်းခင်းပိုင်ရှင်များအနေနှင့် စပါးစိုက်ပျိုးလိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စိုက်ပျိုးရေးဦးစီးဌာနသို့ အကြောင်းကြားရမည်ဖြစ်ပြီး စပါးမစိုက်လိုလျှင်လည်း လယ်မြေပျက်စီးဆုံးရှုံးမှုများအတွက် လယ်မြေထွန်ယက်ခြင်းများ၊ ဘောင်တည်ဆောက်ခြင်းများကို ကူညီပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မုတ်သုံဝင်လာတာနဲ့ တစ်ပြိုင်နက် မိုးကြီးတဲ့ဒေသတွေမှာ နှမ်းခင်းတွေ ပျက်ကုန်တယ်။ အခုဆိုလည်း ရေကြီးရေလျှံမှုကြောင့် ပျက်သွားတဲ့ စပါးခင်းတွေကို စာရင်းကောက်ထားတယ်။ စိုက်မယ့်သူတွေကို စာရင်းကောက်ထားတုန်းဆိုပေမယ့် မျိုးစေ့က လိုသလောက်ပေးနိုင်ပါ တယ်”ဟု ၎င်းက ရှင်းပြသည်။

စပါးမျိုးစေ့အတွက် ဝန်ကြီးဌာနပိုင် စိုက်ခင်းများမှ ကြိုတင်စုဆောင်းထားခြင်း၊ ဝန်ကြီးဌာနနှင့် ပုဂ္ဂလိကပိုင်စိုက်ခင်းများမှ မျိုးစေ့များရယူခြင်း၊ နှစ်စဉ်မျိုးစေ့ဝယ်ယူရန် ချပေးထားသည့် ဘတ်ဂျက်ထဲမှ မျိုးစေ့ဝယ်ယူ စုဆောင်းခြင်းများရှိသည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မျိုးစေ့ဖြန့်ဝေပေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။

နှမ်းနှင့်စပါးမှာ စိုက်ပျိုးပုံအဆင့်ဆင့် မတူသောကြောင့် နှမ်းခင်းများတွင် စပါးစိုက်မည်ဆိုပါက မြေကြီးကို ပြန်လည်တူး ဖော်ရမည်ဖြစ်ကြောင်း၊ နှမ်းစိုက်စဉ်က သုံးထားသည့် မြေဩဇာများကြောင့် စပါးစိုက်ပါက အဆင်မပြေဖြစ်မည်ကို စိုးရိမ်မိကြောင်း တောင်သူဦးစိုးအောင်က ပြောကြားသည်။

သီးနှံများ အပြောင်းအလဲစိုက်ခဲ့စဉ်က ယခင်စိုက်ပျိုးထားသည့် မြေဩဇာများကြောင့် စပါးအထွက်နှုန်းလျော့ကျခြင်း၊ အရည်အသွေးပိုင်းကို စစ်ကြည့်ပါက အော်ဂဲနစ်မဖြစ်သဖြင့် ဈေးနှိမ်ဝယ်ယူခြင်း၊ ကုန်ကျစရိတ်နှင့်တွက်ချက်ပါက နှမ်းစိုက်ပျိုးခြင်းက စပါးစိုက်ပျိုးခြင်းထက် ပို၍တွက်ခြေကိုက်ကြောင်း ၎င်းက ပြောဆိုသည်။

ယခင်နှစ်က ရေကြီးရေလျှံမှုများကြောင့် လယ်ယာမြေများ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပြီး ယင်းလယ်မြေများတွင် မိုးစပါး ပြန်လည်စိုက်ပျိုးရန် စပါးမျိုးစေ့ တင်းပေါင်း လေးသောင်းနီးပါးကို အခမဲ့ပေးဝေခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

J-13



FOLLOW US