News

POST TAGGED AS

နှမ်း

မန္တလေးတွင် နှမ်း (သစ်) ဈေးကောင်း
မန္တလေး၊ ဇွန် ၃

မန္တလေးကောက်ပဲသီးနှံ ဈေးကွက်တွင် နှမ်း (အသစ်) များ ဝင်နေပြီး ဈေးကောင်းရလျက်ရှိကြောင်း နှမ်းအရောင်းအဝယ် လုပ်ကိုင်သူအချို့က ပြောဆိုသည်။

နှမ်းဖြူအသစ်သည် မေလ ၂၆ ရက်နေ့က ၄၅ ပိဿာတစ်အိတ်လျှင် ကျပ် ၁၂၅,၀၀၀ မှ ၁၃၁,၀၀၀ ကျပ်ဖြင့် ဈေးကွက်သို့ ဝင်ရောက်လာပြီး ဇွန်လ ၃ ရက်နေ့တွင် ကျပ် ၁၃၃,၀၀၀ မှ ၁၃၅,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ကုန်စည်ဒိုင်ထုတ်ပြန်ချက်များအရလည်း သိရသည်။

ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံတို့တွင် ရာသီဥတုအခြေအနေကြောင့် နှမ်းအထွက်နှုန်းလျော့ကျခဲ့ရာ မြန်မာနိုင်ငံမှနှမ်းကို အဓိကထားဝယ်ယူနေရ၍ ပြည်တွင်းနှမ်းဈေးကွက်သည် ဈေးနှုန်းအမြင့် တွင် ရှိနေခြင်းဖြစ်ကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များအသင်း မဟာကထိန်တော်အသင်း-မန္တလေးကုန်စည် ဒိုင်ဒုတိယဥက္ကဋ္ဌ ဦးချွန်က ပြောကြားသည်။ 

“တောင်သူတွေကလည်း ပိုးသတ်ဆေးသုံးတဲ့အပိုင်းကို ဂရုစိုက်လာတယ်။ ဒီလိုဆိုတော့ ပြည်ပနိုင်ငံတွေက ဝယ်လက်တွေ လက်ခံနိုင်လာတဲ့အတွက် ဝယ်ဈေးမြင့်လာတယ်။ မှိုဓာတ်၊ အစိုဓာတ်တွေနည်းသွားပြီး ဈေးကောင်းရတဲ့ သဘောပဲ”ဟု ၎င်းက ရှင်းပြသည်။

နှမ်းဆီကြိတ်ရန် အသုံးပြုသော နှမ်းညိုအသစ် (ဆီနှမ်း) သည်လည်း ၄၅ ပိဿာလျှင် ၁၁၅,၀၀၀ ကျပ်ဈေးရနေကြောင်း မန္တလေးကုန်စည်ဈေးကွက်ထံမှ သိရသည်။

ယခုနှစ် နှမ်းဈေးသည် ပြည်ပဈေးကွက်တွင် ဈေးနှုန်းတည်ငြိမ်သလို ပြည်ပပို့ကုန်အနေနှင့်လည်း ပုံမှန်ထွက်ရှိနေကြောင်း မန္တလေးမြို့ခံ ပဲ၊ နှမ်းကုန်သည် ဦးကျော်သွင်က ပြောကြားသည်။

“ဒီနှစ်အဖို့ နှမ်းလုပ်တဲ့သူက ရှုံးတဲ့သူလည်းရှိမှာ မဟုတ်ဘူး၊ သိပ်ပြီး အမြတ်ကျန်သူလည်းမရှိဘူး”ဟု ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံမှ သီးနှံထွက်ကုန်များ၏ အဓိကကုန်စည်လမ်းကြောင်းသည် တရုတ် (ယူနန်ပြည်) ဖြစ်ပြီး အရည်အသွေးကောင်းပါက မြန်မာနိုင်ငံထွက် ပစ္စည်းကိုသာ အဓိကထား ဝယ်ယူလေ့ရှိကြောင်းလည်း ဦးကျော်သွင်က ရှင်းပြသည်။

မန္တလေးကုန်စည်ဈေးကွက်သို့ နှမ်းအဓိကဝင်ရောက်သည့် ဒေသများမှာ မတ္တရာ၊ ကျောက်ဆည်၊ ပခုက္ကူ၊ ရေစကြိုနယ်တို့မှဖြစ်ပြီး တရုတ်၊ ဂျပန်၊ ကိုရီးယားတို့က အဓိက ဝယ်ယူကြသည်။ 

M-08



FOLLOW US