News

POST TAGGED AS

နွား

03-Aug-2018

တရုတ် ကျွဲ နွား
တရုတ်က ကျွဲ၊ နွား အကောင်ရေ တစ်သန်းခန့်ဝယ်ရန် ကမ်းလှမ်း


ရန်ကုန်၊ ဩဂုတ် ၂

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ ဈေးကွက်လိုအပ်ချက်အရ ပြည်တွင်းမှ ကျွဲ၊ နွား အကောင်ရေတစ်သန်းခန့်ကို ဝယ်ယူလိုသည်ဟု ကမ်းလှမ်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ထိုကဲ့သို့ တရုတ်နိုင်ငံဘက်က ဝယ်ယူလိုသော်လည်း မြန်မာနိုင်ငံအနေနှင့် ယင်းပမာဏကို မရောင်းချနိုင်သေးဘဲ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ထုတ်ပြန်ထားသောစာရင်းများအရ အကောင်ရေ ခုနစ်သိန်းခန့်သာ ပြည်ပသို့ ရောင်းချနိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။

လက်ရှိအချိန်တွင် ပြည်တွင်း၌ အရောင်းအဝယ်ဖြစ်သော ကျွဲ၊ နွား တစ်ကောင်၏ဈေးနှုန်းသည် အကောင်အရွယ်အစားပေါ်မူတည်ပြီး ကျပ် ၁၇ သိန်းမှ ကျပ်သိန်း ၂၀ ကျော်အထိရှိကာ ပြည်ပသို့ ရောင်းချရာတွင် တစ်ကောင်လျှင် အမေရိကန်ဒေါ်လာ ၁၂၀၀ မှ ၁၃၀၀ အထိ ရရှိကြောင်း ၎င်းက ဆိုသည်။

ပြည်ပသို့ ကျွဲ၊ နွား တင်ပို့မှုကို ၂၀၁၇ ခုနှစ် အောက်တိုဘာလမှ စတင်ကာ တရားဝင်ခွင့်ပြုပေးထားခဲ့ပြီး ပြီးခဲ့သည့်နှစ်က ပြည်ပနိုင်ငံများသို့ အကောင်ရေ သုံးသောင်းဝန်းကျင် တင်ပို့နိုင်ခဲ့ကာ ယခုနှစ်တွင်လည်း အကောင်ရေ ခြောက်သောင်းကျော် တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

“ကျွဲ၊ နွားမွေးတဲ့ တောင်သူတွေအတွက် လွတ်လွတ်လပ်လပ် သယ်ဆောင်ခွင့်ပေးဖို့ လိုအပ်တယ်။ အခုက အရေးကြီးကုန်စည်ထဲမှာ ထည့်ထားပြီး ရဲအရေးပိုင်ဖြစ်နေတော့ လွတ်လွတ်လပ်လပ် သယ်လို့မရဘဲ အခက်အခဲဖြစ်နေတာ။ ကျွဲ၊ နွား သယ်သွားတယ် ဘာလက်မှတ်မှမပါရင် တန်းပြီးအချုပ်ထဲထည့်လို့ရတယ်။ တောင်သူမှာ နွားရှိပေမယ့် သွားရောင်းခွင့်မရှိဘူး ဖြစ်နေတယ်။ ကုန်သည်က လာဝယ်မှ အဆင်ပြေတာ”ဟု မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

လက်ရှိအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကျွဲ၊ နွားအရှင် ပြည်ပတင်ပို့ခြင်းနှင့်ပတ်သက်ပြီး ပြည်ပတင်ပို့ခွင့်လိုင်စင်များ ထုတ်ပေးလျက်ရှိပြီး လိုင်စင်တစ်စောင်လျှင် ကျွဲ၊ နွားအကောင်ရေ ၁၀၀ တင်ပို့ခွင့်ရှိသည်။ 

J-01



FOLLOW US