News

POST TAGGED AS

နွား

31-Jul-2018

စစ်ကိုင်း ဝက်
ကနီမြို့နယ် သမင်ခြံကျေးရွာတွင် ရောဂါကြောင့် ဝက်များသေဆုံး


ကနီ၊ ဇူလိုင် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ သမင်ခြံကျေးရွာရှိ ဝက်များတွင် ရောဂါဖြစ်ပွားနေပြီး ဝက် ၁၃ ကောင် သေဆုံးခဲ့ရာ ရောဂါပြန့်ပွားမှုမရှိစေရန် ရောင်းဝယ်မှုများကို တားမြစ်ထားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမိုးလွင်က ပြောကြားသည်။ 

ရာသီဥတုပူပြင်းရာမှ မိုးရွာပြီး အပူအအေးမညီမျှ၍ ဝက်များ ဖျားနာကာ ဒေသအခေါ် ဝမ်းကျပြီး ဝက်ငယ် ၇ ကောင်နှင့် ဝက်ကြီး ၆ ကောင် သေဆုံးမှု ဇူလိုင်လ ၂၀ ရက်နေ့မှစတင်ဖြစ်ပွားခဲ့ရာ ဝက်မွေးသူများက သတင်းပို့မှုနောက်ကျ၍ ဇူလိုင်လ ၂၈ ရက်နေ့မှ သတင်းပေးပို့ခဲ့ကြောင်း တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမြင့်စိုးက ပြောဆိုသည်။ 

“ဝက်သေရဲ့အသားနမူနာယူပြီး မန္တလေးရောဂါရှာဖွေရေး ဓာတ်ခွဲခန်းကို ပို့ရဦးမယ်ဆိုတော့ ရောဂါအမည် မဖော်နိုင်သေးပါဘူး။ ဝက်တွေမှာ ဖြစ်ပွားပြီး ကူးစက်တတ်တဲ့ ရောဂါလို့ပြောလို့ရတယ်။ လက်ရှိအချိန်မှာ မွေးမြူတဲ့သူတွေကို အသိပညာပေးတာ ဝက်တွေဆေးထိုးကုသမှု ပေးနေပါတယ်။ ဇီဝလုံခြုံရေးခြံတွေ ပိုးသတ်ဆေးဖျန်းတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိအဆိုပါကျေးရွာသို့ မြို့နယ်အုပ်ချုပ်ရေးနှင့် တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကုသပေးလျက်ရှိကြောင်း၊ သမင်ခြံကျေးရွာတွင် အိမ်ထောင်စု ၃၉၀ ရှိပြီး အိမ်ထောင်စု ၇၀ ခန့် ဝက်မွေးမြူရေး လုပ်ဆောင်ကြကြောင်း ယင်းဒေသခံများထံမှ သိရသည်။ 

ကနီမြို့နယ်တွင် ဝက်များဖျားနာ၍ သေဆုံးမှုမှာ သမင်ခြံကျေးရွာ၌သာ ဖြစ်ပွားနေခြင်းဖြစ်ပြီး ဖျားနာဝက်များဆေးကုခြင်း၊ ကာကွယ်ဆေးထိုးခြင်း လုပ်ဆောင်နေသဖြင့် လက်ရှိတွင် ဝက်များ ထပ်မံသေဆုံးခြင်းမရှိသေးကြောင်း မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါက်တာသက်မာဦးက ပြောကြားသည်။

အဆိုပါမြို့နယ်အတွင်း ဝက်ကောင်ရေ ကိုးသောင်းအထိ မွေးမြူထားကြောင်း အဆိုပါဌာနထံမှသိရသည်။

R-08




FOLLOW US