News

POST TAGGED AS

နျူးကလီးယား

မြောက်ကိုရီးယားသည် နျူကလီးယားလက်နက်များ ဆက်လက်တပ်ဆင်နေဆဲဖြစ်ဟု လုံခြုံရေးကောင်စီဆို


ပြုံယမ်း-ဆိုးလ်၊ ဇူလိုင် ၎

မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များကို ရပ်ဆိုင်းမှုမပြုသေးဘဲ ဆက်လက်အကောင်အထည်ဖော် လုပ်ကိုင်နေဆဲပင်ဖြစ်သည်ဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အစီရင်ခံစာသစ်တစ်စောင်က ဆိုကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြထားသည်။ 

မြောက်ကိုရီးယား ကွန်မြူနစ်အစိုးရသည် ရေနံနှင့်ပတ်သက်သော ထုတ်ကုန်များကို သင်္ဘောများမှတစ်ဆင့် တရားမဝင် သယ်ဆောင်လျက်ရှိသလို ပြည်ပသို့လက်နက်များလည်း ရောင်းချရန် ကြိုးပမ်းလျက်ရှိကြောင်း ယင်းအစီရင်ခံစာက ဆိုသည်။ 

လွတ်လပ်သောပညာရှင်များပါဝင် ဖွဲ့စည်းထားသည့်အဖွဲ့တစ်ဖွဲ့က လုံခြုံရေး ကောင်စီ၏ အကဲဖြတ်အစီရင်ခံစာကို ရေးသားခဲ့ခြင်းဖြစ်ပြီး သောကြာနေ့က ထုတ်ပြန်ခဲ့သည်။ 

အဆိုပါအစီရင်ခံစာနှင့်ပတ်သက်၍ မြောက်ကိုရီးယားနိုင်ငံက ထင်မြင်သုံးသပ်ချက်ပေးခြင်းမျိုး မပြုသေးပေ။ 

အမေရိကန်အစိုးရ အရာရှိကြီးများက မြောက်ကိုရီးယားသည် အမေရိ ကန်သမ္မတနှင့် ဆက်ဆံရေးကောင်းတစ်ရပ် ထူထောင်နိုင်ခဲ့သော်လည်း တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များကို ဆက်လက်တည် ဆောက်လျက်ရှိပုံရကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။ 

ဝါရှင်တန်ပို့စ်သတင်းစာ၏ ရေးသားဖော်ပြချက်အရ မြောက်ကိုရီးယားတွင် တိုက်ချင်းပစ်ဒုံးကျည်များ တပ်ဆင်ထုတ်လုပ်သည့်စက်ရုံတစ်ခုတွင် လှုပ်ရှားမှုများရှိနေသည်ကို ဂြိုဟ်တုမှတစ်ဆင့် တွေ့မြင်ရသည်ဟု အမည်မဖော်လိုသူ အမေရိ ကန်အစိုးရ အရာရှိကြီးတစ်ဦးက ပြောကြားထားသည်။ 

“မြောက်ကိုရီးယားသည် နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များရပ်ဆိုင်း မှုမပြုဘဲ ဆက်လက်အကောင်အထည် ဖော်လုပ်ဆောင်ခြင်းအားဖြင့် လုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်ကို အာခံလျက်ရှိဆဲပင်ဖြစ်သည်” ဟု အစီရင်ခံစာက ဖော်ပြသည်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့သည် ဇွန်လ ၁၂ ရက်နေ့က စင်ကာပူတွင် ပထမဆုံးအကြိမ်အဖြစ် ထိပ်သီးဆွေးနွေးပွဲ ကျင်းပပြီးနောက် ကိုရီးယားကျွန်းဆွယ်ဒေသ နျူကလီးယားဖြုတ်သိမ်းရန် သဘောတူညီလိုက်ကြသည်။ 

သို့သော် ဖြုတ်သိမ်းမည့်အစီအစဉ် အသေးစိတ်ကိုမူ ထုတ်ပြန်ကြေညာမှု မပြုခဲ့ပေ။ 

မြောက်ကိုရီးယားအစိုးရသည် နျူကလီးယားအစီအစဉ်နှင့် ဒုံးကျည်များ စမ်းသပ်ပြုလုပ်မှုကြောင့် ယနေ့အချိန်အထိ နိုင်ငံတကာအသိုင်းအဝိုင်း၏ ဒဏ်ခတ်အရေးယူမှုများကို ခံနေရဆဲဖြစ်သည်။

F-01



FOLLOW US