News

POST TAGGED AS

နျူးကလီးယား

မြောက်ကိုရီးယားက တရားမဝင် ရေနံဝယ်ယူမှု၊ ဆီးရီးယားလက်နက်ပွဲစားများနှင့် ဆက်သွယ်မှုတို့ ပြုလုပ်လျက်ရှိ


နယူးယောက်၊ ဩဂုတ် ၎

မြောက်ကိုရီးယားသည် ကုလသမဂ္ဂပိတ်ဆို့မှုကိုရှောင်ကွင်း၍ ပင်လယ်ပြင်တွင် သင်္ဘောခြင်းတရားမဝင် ရေနံလွှဲပြောင်းခြင်း၊ ယီမင်နှင့် လစ်ဗျားသို့ လက်နက်ရောင်းချရန် ဆီးရီးယားလက်နက်ပွဲစားများနှင့် ဆက်သွယ်လုပ်ဆောင်ခြင်းတို့ကို ပြုလုပ်လျက်ရှိသည်ဟု ကုလသမဂ္ဂက သောကြာနေ့တွင် အစီရင်ခံစာထုတ်ပြန်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

ကင်ဂျုံအန်းအစိုးရအတွက် ဒေါ်လာသန်းပေါင်းများစွာ ဝင်ငွေရလမ်းဖြစ်သော ကျောက်မီးသွေး၊ သံ၊ ပင်လယ်စာနှင့် အခြားထွက်ကုန်များ တင်ပို့မှုပိတ်ဆို့ထားခြင်းကို မြောက်ကိုရီးယားက ချိုးဖောက်မှုများ ပြုလုပ်လျက်ရှိသည်ဟုကုလသမဂ္ဂ ကျွမ်းကျင်သူအဖွဲ့က လုံခြုံရေးကောင်စီထံ ပေးပို့သော ၆၂ မျက်နှာပါ အစီရင်ခံစာတွင် တင်ပြထားသည်။

ပင်လယ်ပြင်တွင် မြောက်ကိုရီးယား ရေနံတင်သင်္ဘောများသို့ ရေနံလွှဲပြောင်းပေးမှုသည် အခြေခံကျသော ရှောင်ကွင်းနည်းတစ်ခုဖြစ်နေဆဲဖြစ်ပြီး သင်္ဘောပေါင်း ၄၀ နှင့် ကုမ္ပဏီပေါင်း ၁၃၀ ပါဝင်ပတ်သက်နေသည်ဟု အစီရင်ခံစာကဆိုသည်။

မြောက်ကိုရီးယားသည် နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များကို ရပ်ဆိုင်းခြင်းမပြုသည့်အပြင် ၂၀၁၈ အတွင်း ပယ်လယ်ပြင်တွင် သင်္ဘောချင်း တရားမဝင် ရေနံလွှဲပြောင်းရယူခြင်း၊ ကျောက်မီးသွေး လွှဲပြောင်းပေးပို့ခြင်းတို့ဖြင့် လုံခြုံရေးကောင်စီ ပိတ်ဆို့မှုများကို ဆက်လက်အာခံနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် မြောက်ကိုရီးယားသည် လစ်ဗျား၊ ယီမင်နှင့် ဆူဒန်သို့ နိုင်ငံခြား ကြားခံပွဲစားများမှတစ်ဆင့် လက်နက်ငယ်နှင့် အခြားစစ်ပစ္စည်းများရောင်းချရန် ကြိုးစားခဲ့သည်ဟုလည်း ကုလအစီရင်ခံစာတွင် ဖော်ပြထားသည်။

ယီမင်နှင့် လစ်ဗျားရှိလက်နက်ကိုင် အုပ်စုများထံသို့ စစ်လက်နက်ပစ္စည်းများ ဖြန့်ချိပေးသူမှာ ဆီးရီးယားလက်နက်ကုန်သည် ဟူစိန်အယ်လ်အလီဖြစ်သည်ဟု သိရှိရသည်။

အလီ၏ ကြားခံဆက်သွယ်ပေးမှုဖြင့် မြောက်ကိုရီးယားနှင့် ယီမင်ဟူသီ သူပုန်များအကြား လက်နက်အရောင်းအဝယ် သဘောတူညီမှုကို ၂၀၁၆ တွင် ဒမတ်စကပ်၌ ညှိနှိုင်းခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားသည် တားမြစ်ပစ္စည်းများတင်ပို့ခြင်းမှလည်း ဝင်ငွေဆက်လက်ရရှိနေပြီး သာဓကအနေနှင့် တရုတ်၊ အိန္ဒိယနှင့် အခြားနိုင်ငံများသို့ သံနှင့် သံမဏိတင်ပို့ခြင်းမှ အောက်တိုဘာလမှ မတ်လအတွင်း ဒေါ်လာ ၁၄ သန်းခန့် ရရှိခဲ့သည်။

ငွေကြေးဆိုင်ရာ အရေးယူပိတ်ဆို့မှုများမှာလည်း အကောင်အထည်ဖော်မှု အားနည်းသောကြောင့် ပိတ်ဆို့မှု အစီအမံများကို ထိရောက်စွာရှောင်ကွင်းမှုရှိနေဆဲဖြစ်ပြီး မြောက်ကိုရီးယားသံတမန်များက ဘဏ်စာရင်းအကောင့်များစွာဖွင့်ထားခြင်းဖြင့် အဓိကနေရာမှ ပါဝင်နေကြသည်ဟု ကုလကျွမ်းကျင်သူအဖွဲ့က တင်ပြသည်။

မြောက်ကိုရီးယားနှင့် ဖက်စပ်လုပ်ကိုင်ခြင်းကို ပိတ်ပင်ထားသော်လည်း ရုရှားတွင် ဆောက်လုပ်ရေးနှင့် အခြားလုပ်ငန်းများ သွားရောက်လုပ်ကိုင်နေသော ဖက်စပ်ကုမ္ပဏီ ၂၀၀ ကျော်ခန့် ရှိနေသည်ကို ကုလအဖွဲ့က ဖော်ထုတ်တွေ့ရှိထားသည်။

F-04



FOLLOW US