News

POST TAGGED AS

နျူးကလီးယား

နျူစမ်းသပ်ဆိုက်ကြီးများကို မြောက်ကိုရီးယား စတင်ဖျက်သိမ်းပြီဟု ဒေါ်နယ်ထရမ့်ပြောကြား

ဝါရှင်တန်၊ ဇွန် ၂၃

မြောက်ကိုရီးယားနိုင်ငံသည် အလုံးစုံ နျူကလီးယား ဖြုတ်သိမ်းရေး လုပ်ငန်းစဉ်ကို စတင် လုပ်ဆောင်နေပြီဖြစ်ရာ နျူကလီးယား စမ်းသပ်ရာနေရာ (ဆိုက်) ကြီးများအနက် အရေးပါသည့်ဆိုက်လေးခုကို ဖောက်ခွဲဖျက်ဆီးပစ်လိုက်ပြီဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောကြားလိုက်ကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။ 

အလုံးစုံ နျူကလီးယား ဖြုတ်သိမ်းမှုများ စတင်လုပ်ဆောင်နေပြီဟု ထရမ့်ကဆိုသော်လည်း အသေးစိတ် သတင်းအချက်အလက်များကို ထရမ့်က မဖော်ပြပေ။ 

အိမ်ဖြူတော်တွင်ပြုလုပ်သော ကက်ဘိနက်အဖွဲ့ အစည်းအဝေးပွဲ၌ ထရမ့်က ယင်းသို့ ပြောကြားခြင်းဖြစ်သည်။ “သူတို့တွေ ဒုံးကျည်တွေ ပို့နေတာကို ရပ်လိုက်ကြပြီ၊ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေ အပါအဝင်ပေါ့။ သူတို့က အင်ဂျင်တွေ ထားတဲ့နေရာကို ဖြုတ်သိမ်းနေကြပြီ။ ဖောက်ခွဲပစ်ကြတယ်။ ဆိုက်ကြီးတွေထဲက အရေးပါတဲ့ဆိုက်တစ်ခုကိုလည်း ဖောက်ခွဲဖျက်ဆီးပစ်ပြီးပြီ။ အမှန်ပြောရရင် သူတို့ရဲ့ စမ်းသပ်ဆိုက်ကြီးတွေထဲက လေးခုကို ဖျက်ဆီးပစ်တာ”ဟု သမ္မတဒေါ်နယ်ထရမ့်က ပြောကြားသည်။

“တကယ်ဖြစ်နေတဲ့ကိစ္စကြီးက ဘာလဲဆိုရင် အဲဒါဟာ အလုံးစုံ နျူကလီးယားဖြုတ်သိမ်းရေး လုပ်ငန်းဆိုတာပဲ။ အဲဒီလုပ်ငန်းစဉ်ကြီးက စတင်နေပြီ”ဟု ၎င်းကဆက်လက်ပြောကြားသည်။ 

မည်သည့် နျူကလီးယား စမ်းသပ်ဆိုက်ကို သမ္မတထရမ့်က ရည်ညွှန်းပြောဆိုသည် ဟူသောအချက်မှာ ရှင်းရှင်းလင်းလင်း မရှိပေ။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်က ထရမ့်-ကင် စင်ကာပူ ထိပ်သီး ဆွေးနွေးပွဲနောက်ပိုင်း မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းမှု စတင်နေပြီဟူသော ကိစ္စနှင့်ပတ်သက်၍ သိရှိထားခြင်းမရှိဟု ဖြေကြားသည်။ 

“မသိပါဘူး၊ အဲဒီကိစ္စ ကျွန်တော် မသိဘူး၊ ဆိုလိုတာက ဒါဟာလုပ်ငန်းစဉ်တစ်ခုရဲ့ အစပိုင်းလေးပြီးရုံပဲ ရှိသေးတယ်။ အသေးစိတ် စေ့စပ်ဆွေးနွေးတာ မရှိသေးပါဘူး”ဟု ဂျင်မက်တစ်ကပြောကြားခဲ့သည်။

အိမ်ဖြူတော် ကက်ဘိနက်ဆွေးနွေး ပွဲတွင်မူ ဂျင်မက်တစ်သည် ဒေါ်နယ်ထရမ့်၏ ဘေးတွင်ထိုင်လျက်ရှိသည်ကို တွေ့ရသည်။ မြောက်ကိုရီးယား နျူကလီးယား ဖြုတ်သိမ်းမှုနှင့်ပတ်သက်၍ သမ္မတထရမ့်က ယခုလို ပြောဆိုနေမှုအပေါ် ပင်တဂွန် စစ်ဌာနချုပ်ကလည်း မှတ်ချက်တစ်စုံ တစ်ရာပေးခြင်း မရှိသေးပေ။

အမေရိကန်အခြေစိုက် မြောက်ကိုရီးယား လေ့လာရေး အုပ်စုဖြစ်သော 38 North က ယခုသတင်းပတ်ကုန်သည်အထိ မြောက်ကိုရီးယားတွင် ဒုံးကျည်စမ်းသပ်စခန်းများ ဖျက်သိမ်းရေးအတွက် စတင် ဆောင်ရွက်ခြင်း မရှိသေးကြောင်း ပြောကြားသည်။

F-01



FOLLOW US