News

POST TAGGED AS

နျူးကလီးယား

မြောက်ကိုရီးယားပြည်ပြေးများ ၎င်းတို့၏အနာဂတ်ကို စိုးရိမ်

ဆိုးလ်၊ မေ ၂၃

တောင်ကိုရီးယားဘက်သို့ ထွက်ပြေးခိုလှုံနေသော ပြည်ပြေးများကို ပြန်ပို့ရန် မြောက်ကိုရီးယားက တောင်းဆိုထားမှုနှင့်ပတ်သက်ပြီး နျူကလီးယား ပြဿနာနှင့် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ ဆွေးနွေးမှုများ ပြန်လည်စတင်နိုင်ရေးအတွက် တောင်ကိုရီးယားအစိုးရက လိုက်လျောမည်ကို စိုးရိမ်မှုများရှိနေသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

တောင်ကိုရီးယားနှင့် ဆွေးနွေးပွဲများ ပြန်လည် စတင်ရန် စည်းကမ်းသတ်မှတ်ချက်အနေနှင့် ပြည်ပြေး ၁၃ ဦးကိုပြန်ပို့ရန် မြောက်ကိုရီးယားက တောင်းဆိုထားခြင်း ဖြစ်သည်။

တရုတ်နိုင်ငံရှိ မြောက်ကိုရီးယား စားသောက်ဆိုင်တွင် အလုပ်လုပ်ခဲ့သော အမျိုးသမီး ၁၂ ဦးနှင့် ၎င်းတို့၏ မန်နေဂျာကို ပြန်ပို့ရန် ပြုံယမ်းက တောင်းဆိုထားသည်။ ၂၀၁၆ ခုနှစ်က ထိုအမျိုးသမီးတစ်စုကို တောင်ကိုရီးယားသို့ခေါ်သွားမည်ဟု ပြောဆိုခြင်းမပြုဘဲ တောင်ကိုရီးယား ထောက်လှမ်းရေးက လှည့်ဖြားကာ ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ပြုံယမ်းက စွပ်စွဲထားသည်။

စနေနေ့တွင် မြောက်ကိုရီးယား ကြက်ခြေနီအသင်းက ထိုအမျိုးသမီးများ ပြန်ပေးဆွဲခံရခြင်း ဖြစ်သည်ဟူသော စွပ်စွဲချက်ကို ထပ်မံပြောကြားခဲ့ပြီး ၎င်းတို့အား ပြုံယမ်းသို့ပြန်ပို့ရန် တောင်းဆိုခဲ့သည်။

ယခုတောင်းဆိုမှုသည် စီစဉ်ထားသော အကြီးတန်းအဆင့် အစည်းအဝေးကို ယခင်အပတ်က မြောက်ကိုရီးယားဘက်မှ ဖျက်သိမ်းခဲ့ခြင်းနှင့် တိုက်ဆိုင်နေသည်။

မြောက်ကိုရီးယားသည် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေး လေ့ကျင့်မှုကိုလည်း အမျက်ထွက်လျက်ရှိသည်။ သို့ရာတွင် တောင်းဆိုမှုများသည် ပြုံယမ်းက မကြာခဏ သုံးလေ့ရှိသော နည်းဗျူဟာများဖြစ်သည်ဟု မှတ်ချက်ပေးသည်။

တိုကျို တင်ပယ်လ်တက္ကသိုလ်မှတွဲ ဖက်ပါမောက္ခ ဂျိမ်းဘရောင်းက “ပြုံယမ်းရဲ့ သုံးနေကျနည်းတွေပါ။ ဘာမှ အလျှော့ အတင်း မလုပ်ရသေးခင်မှာ တောင်းဆိုမယ်။ တစ်ဖက်က လိုက်လျောလိုက်ရင် ပိုပြီးတော့ တောင်းဆိုမယ်။ ပြုံယမ်းဘက်က အပေးအယူဆိုတာ မရှိဘူး။ သူက တောင်းဖို့ပဲ စဉ်းစားတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကိုရီးယားကျွန်းဆွယ်မှာ အပြုသဘော ဆောင်တဲ့သတင်းတွေ ထွက်လာခဲ့တယ်။ တောင်ကိုရီးယားတွေကလည်း လူဝလေး သဘောကောင်းလာပြီလို့ ထင်ကြတယ်။ တကယ်တော့ အာဏာရှင်အစိုးရက ဘာမှ မပြောင်းလဲပါဘူး။ သူတို့က ဒီလူတွေကို နယ်ရုပ်တွေလို အသုံးချနေကြတာ”ဟု မှတ်ချက်ပေးသည်။

ဧပြီလနောက်ပိုင်းတွင် ထွက်ပြေးလာသူနှစ်ဦးကို ပင်လယ်ဝါတွင် တောင်ကိုရီးယားရေတပ်က ကယ်ဆယ်ခဲ့ရသည်။ ၎င်းတို့အနက်မှ တစ်ဦးမှာ စစ်တပ်မှဖြစ်သည်။ ပြုံယမ်းသည် ထိုကဲ့သို့ ထွက်ပြေးမှုများကို ဟန့်တားရန်အတွက် တောင်ကိုရီးယားနယ်စပ်နှင့် တရုတ်နယ်စပ်များတွင် လုံခြုံရေး တင်းကျပ်ထားပြီး ပြစ်ဒဏ်ပေးမှုများကို တိုးမြှင့်ထားသည်ဟု သိရှိရသည်။

၎င်းဖြစ်စဉ်များ၏အကျိုးဆက်မှာ တောင်ကိုရီးယားရှိ ပြည်ပြေးများနှင့် ၎င်းတို့ကို ကူညီပေးနေသော အဖွဲ့အစည်းများအကြား စိုးရိမ်မှုများ မြင့်တက်လာခြင်းဖြစ်သည်။

မြောက်ကိုရီးယားရှိ အစုအပြုံလိုက် သတ်ဖြတ်မှုများ ရပ်တန့်ရေးကို လှုပ်ရှားနေသော ဆိုးလ်အခြေစိုက် အုပ်စုမှ ဆွန်ယောင်ချေးက “စားသောက်ဆိုင်က အမျိုးသမီး လုပ်သား ၁၃ ဦးကို အတင်းအကျပ် ခေါ်လာတယ်ဆိုတဲ့ စွပ်စွဲချက်က ရယ်စရာ ကောင်းပါတယ်။ အခု ကျွန်တော်တို့က နိုင်ငံတကာ အသိုင်းအဝိုင်းကို မြောက်ကိုရီးယားပြည်ပြေးတွေနဲ့ မြောက်ကိုရီးယားနိုင်ငံထဲက နိုင်ငံရေး အကျဉ်းသားတွေအပေါ် အကာအကွယ်ပေးဖို့ တောင်းဆိုနေပါတယ်”ဟု ပြောကြားသည်။

“သမ္မတထရမ့်အနေနဲ့ ကင်ဂျုံအန်းကို စင်ကာပူမှာ တွေ့တဲ့အခါ ဒီကိစ္စတွေကို ပြောဆိုသင့်ပါတယ်။ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှုမရှိရင် ဘယ်လို သဘောတူညီချက်မှ မပြုလုပ်သင့်ပါဘူး”ဟု ၎င်းက ဆိုသည်။

မြောက်ကိုရီးယားက ပြည်ပြေးအချို့ကို သေဒဏ်ပေးသည့် သတင်း ထွက်ပေါ်လာပြီးနောက် တောင်ကိုရီးယားရောက် ပြည်ပြေးအချို့သည် ဘေးကင်းလုံခြုံရေးအတွက် အခြားတတိယနိုင်ငံတစ်ခုသို့ ထွက်ခွာရန် ကြိုးစားနေကြသည်။

“သမ္မတမွန်ဂျေးအင်ဟာ ပြုံယမ်းနဲ့ ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့နဲ့ အောင်မြင်ဖို့အရေးကို လိုလားနေပြီး ကြီးမားတဲ့ဖိအားတွေ ကျရောက်နေပါတယ်။ ဒါပေမဲ့ သူက လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေတစ်ဦးအဖြစ် ဂုဏ်သိက္ခာကို တည်ဆောက်ခဲ့သူဖြစ်တဲ့အတွက် ပြည်ပြေးတွေပြန်ပို့ဖို့ အမိန့်ပေးလိမ့်မယ်လို့တော့ မထင်ပါဘူး”ဟု ဂျိမ်းဘရောင်းက မှတ်ချက်ပေးသည်။

“ပြုံယမ်းကလည်း ဒီအတိုင်း စဉ်းစား သုံးသပ်မယ်လို့ ထင်တယ်။ ဒါကြောင့် အဲဒီအစား နောက်တစ်မျိုးပြောင်းပြီး တောင်းဆိုလိမ့်မယ်။ ပြည်ပြေးတွေကို ပြန်ပို့ခိုင်းတာထက် ပိုပြီးလိုက်လျောနိုင်မယ့် အရာမျိုးပေါ့။ အဲဒါပြီးရင် ဆိုးလ်ရဲ့စိတ်ကို စမ်းသပ်ဖို့ နောက်တစ်မျိုး တောင်းဆိုလိမ့်ဦးမယ်”ဟု ဂျိမ်းဘရောင်းက ခန့်မှန်းသုံးသပ်သည်။

F-04



FOLLOW US