News

POST TAGGED AS

နျူးကလီးယား

နျူကလီးယားစမ်းသပ်ဆိုက် ဖျက်သိမ်းမည်ဟုဆိုသော မြောက်ကိုရီးယားကို ကျေးဇူးတင်ကြောင်း ဒေါ်နယ်ထရမ့်ထုတ်ပြော


ဝါရှင်တန်၊ မေ ၁၃

မြောက်ကိုရီးယားနိုင်ငံကယင်း၏ နျူကလီးယားစမ်းသပ်ရာနေရာကို ဖျက်ပစ်မည်ဟု ကတိကဝတ်ပြုထုတ်ဖော်ပြောဆိုပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားကိုကျေးဇူးတင်သည်ဟု ထုတ်ဖော်ပြောကြားကြောင်း AFP သတင်းဌာနကရေးသားဖော်ပြသည်။ 

လာမည့်ဇွန်လဆန်းပိုင်းတွင် စင်ကာပူနိုင်ငံ၌ ထရမ့်နှင့် ကင်ဂျုံအန်းတို့၏ ထိပ်သီးဆွေးနွေးပွဲမပြုလုပ်မီ မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားစမ်းသပ်ခဲ့သည့်ဆိုက်ကို ဖျက်ဆီးပစ်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။ 

“မြောက်ကိုရီးယားကဇွန်လ ၁၂ ရက်နေ့ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ယခုလအတွင်း သူတို့ရဲ့ နျူကလီးယားစမ်းသပ်တဲ့နေရာကို ဖျက်ဆီးပစ်မယ်လို့ ကြေညာခဲ့ပါတယ်၊ ခင်ဗျားတို့ကို ကျေးဇူးတင်ပါတယ်၊ အင်မတန်စမတ်ကျပြီး ကျက်သရေမင်္ဂလာရှိတဲ့ ပြုမူလုပ်ဆောင်မှုတစ်ခုပါပဲ”ဟု ထရမ့်က ၎င်း၏ Twitter စာမျက်နှာတွင် ဖော်ပြသည်။ 

နိုင်ငံ၏အရှေ့မြောက်ဘက်တွင် တည်ရှိသည့် ပွန်ဂျီရီ (နျူကလီးယား) စမ်းသပ်ဆိုက်ကို မေလ ၂၃ ရက်နေ့မှ ၂၅ ရက်အတွင်း နိုင်ငံတကာမီဒီယာများရှေ့မှောက်တွင် ဖျက်ဆီးမည်ဖြစ်သည်ဟု မြောက်ကိုရီးယားက ထုတ်ပြန်ကြေညာထားသည်။ အဆိုပါ ကြေညာချက်သည် အမေရိကနှင့် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ ဆွဲဆောင်မှုရှိသောဗျူဟာတစ်ခုဖြစ်သည်ဟု လေ့လာစောင့်ကြည့်သူများကဆိုသည်။ 

တောင်ကိုရီးယားက ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် စတင်ခဲ့သော ဒိုင်ယာလော့ခ်ကြောင့် အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယားဆက်ဆံရေးမှာ နှစ်ဖက်ခေါင်းဆောင်များပုဂ္ဂိုလ်ဆန်ဆန် ပုတ်ခတ်ပြောဆိုမှု၊ စစ်မက်ဖြစ်ပွားမည်ဟု ခြိမ်းခြောက်မှု စသည်အခြေအနေမှ တဖြည်းဖြည်းချင်း တိုးတက်ကောင်းမွန်လာကာ ယခုဆိုလျှင် ဇွန်လ ၁၂ ရက်နေ့၌ စင်ကာပူတွင် ထိပ်သီးဆွေးနွေးပွဲကျင်းပတော့မည် ဖြစ်သည်။ 

သံသယဝါဒီများကမူ ပြုံယမ်းကွန်မြူနစ်အစိုးရသည် အမေရိကထိရောက်အောင်ပစ်နိုင်သည်ဟု ဆိုထားသောဒုံးကျည်များအပါအဝင် နျူကလီးယားလက်နက် စွန့်လွှတ်မည့်ကိစ္စကို တိုင်းသိပြည်သိ၊ ကမ္ဘာသိအောင် တရားဝင်ထုတ်ဖော်ကတိပြုခြင်းမရှိသေးကြောင်း သတိပေးကြသည်။ အမေရိကန်အစိုးရကမူ မြောက်ကိုရီးယား နျူကလီးယားဖျက်သိမ်းရေးလုပ်ငန်းစဉ်သည် ရာနှုန်းပြည့် အတည်ပြုနိုင်ပြီး နောက်ကြောင်း ပြန်မလှည့်နိုင်သည့်အနေအထားမျိုးဖြစ်ရန် အဓိကအရေးကြီးသည်ဟု ထုတ်ဖော်သတိပေးထားသည်။ 

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားစမ်းသပ်မှု ခြောက်ကြိမ်စလုံးကိုပွန်ဂျီရီ (နျူကလီးယား)စမ်းသပ်ဆိုက်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ယမန်နှစ် စက်တင်ဘာလက လုပ်ဆောင်ခဲ့သောဟိုက်ဒရိုဂျင် ဗုံးစမ်းသပ်မှုကိုလည်း ယင်းပွန်ဂျီရီ (နျူကလီးယား)စမ်းသပ်ဆိုက်တွင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

F-01



FOLLOW US