News

POST TAGGED AS

နျူးကလီးယား

နျူကလီးယားလက်နက်စွန့်လွှတ်ပါက မြောက်ကိုရီးယား စီးပွားရေးအားကောင်းလာအောင် အကူအညီပေးမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား


ဝါရှင်တန်-ဆိုးလ်၊ မေ ၁၂

အကယ်၍ ပြုံယမ်းကွန်မြူနစ်အစိုးရကသာ နျူကလီးယားလက်နက်စွန့်လွှတ်မည်ဆိုပါက မြောက်ကိုရီးယားနိုင်ငံ၏ စီးပွားရေးတည်ဆောက်ရာ၌ အမေရိကန်ပြည်ထောင်စုက အကူအညီပေးသွားမည်ဖြစ်သည်ဟု ဒေါ်နယ်ထရမ့်၏ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက အသိပေးပြောကြားလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

အမေရိကန်ပြည်ထောင်စုသည် မြောက်ကိုရီးယားနိုင်ငံအနေနှင့် မိတ်ဖက်တောင်ကိုရီးယားနိုင်ငံကဲ့သို့ ကြွယ်ဝချမ်းသာလာရေးအတွက် ပြုံယမ်းအစိုးရနှင့် အတူလက်တွဲလုပ်ဆောင်ရန် ပြင်ဆင်ထားမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

မစ္စတာမိုက်ပွန်ပီယိုသည် မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်ပြီး ခေါင်းဆောင် ကင်ဂျုံအန်းနှင့်တွေ့ဆုံခဲ့သည်။ ယင်းခရီးစဉ်မှ ပြန်လည်ရောက်ရှိလာပြီးနောက် မြောက်ကိုရီးယားနိုင်ငံကို အကူအညီပေးမည့်ကိစ္စကို ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။ 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့သည် ဇွန်လ ၁၂ ရက်နေ့တွင် စင်ကာပူနိုင်ငံ၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။ 

ထရမ့်နှင့် ကင်ဂျုံအန်းတို့သည် ယခင်ကတစ်ဦးနှင့်တစ်ဦး အပြန်အလှန် စကားစစ်ထိုးခဲ့ကြသော်လည်း ဧပြီလတွင်း တောင်နှင့် မြောက်ကိုရီးယားအကြား သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲ ကျင်းပပြုလုပ်နိုင်ခဲ့ပြီးနောက် ယခုလိုစင်ကာပူ၌ တွေ့ဆုံရန်အထိ စီစဉ်လာခြင်းဖြစ်သည်။ 

“တကယ်လို့ ဥက္ကဋ္ဌ ကင်ဂျုံအန်းက မှန်ကန်တဲ့လမ်းကြောင်းကို ရွေးချယ်မယ်ဆိုရင် အနာဂတ်မှာ မြောက်ကိုရီးယားပြည်သူတွေ ငြိမ်းချမ်းမှုနဲ့ ကြွယ်ဝချမ်းသာမှုဆိုတာ မလွဲမသွေရှိလာမှာပါ” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောကြားသည်။ 

ပြုံယမ်းကွန်မြူနစ်အစိုးရ အနေနှင့် နျူကလီးယားဖြုတ်သိမ်းရေးအတွက် လေးနက်သည့် လုပ်ဆောင်ချက်များလုပ်ကိုင်သင့်ကြောင်း ၎င်းက တိုက်တွန်းသည်။ 

သို့သော် ယင်းသို့ နျူကလီးယားဖြုတ်သိမ်းသည့် လုပ်ငန်းစဉ်သည် အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများ၏ ခိုင်မာသည့် အသိအမှတ်ပြုရရှိရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

မြောက်ကိုရီးယားနိုင်ငံသို့ မိုက်ပွန်ပီယိုရောက်ရှိနေစဉ်အတွင်း ပြုံယမ်းအစိုးရက မြောက်ကိုရီးယား၌ ဖမ်းဆီးထိန်းသိမ်းခံထားရသော အမေရိကန်နိုင်ငံသား သုံးဦးကို ပြန်လွှတ်ပေးခဲ့သည်။

F-01



FOLLOW US