News

POST TAGGED AS

နျူးကလီးယား

ကိုရီးယားကျွန်းဆွယ်ဒေသ နျူကလီးယားဖယ်ရှားရေးလုပ်ဆောင်သွားရန် တောင်-မြောက်ကိုရီးယား ခေါင်းဆောင်နှစ်ဦးသဘောတူ


ဆိုးလ်-ပြုံယမ်း၊ ဧပြီ ၂၈

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် တောင်ကိုရီးယားသမ္မတမွန်ဂျေအင်းတို့ တွေ့ဆုံကာသမိုင်းတွင်မည့် ထိပ်သီးဆွေးနွေးပွဲကြီး ကျင်းပခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်ဒေသ နျူကလီးယား လက်နက်ဖယ်ရှားရေးအတွက် လုပ်ဆောင်သွားကြရန် သဘောတူညီချက်ရရှိလိုက်ကြကြောင်း သတင်းဌာနများကရေးသား ဖော်ပြသည်။ 

တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံ နယ်စပ်ဒေသတွင် သောကြာနေ့က သမိုင်းဝင်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ် နျူကလီးယားဖယ်ရှားရေးအတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ကြခြင်းဖြစ်သည်။ 

ပြီးခဲ့သည့် ၁၉၅၃ ခုနှစ်က ကိုရီးယားစစ်ပွဲကို အဆုံးသတ်စေခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား ယခုနှစ်အတွင်း ငြိမ်းချမ်းရေးသဘောတူညီချက် စာချုပ်အဖြစ် ပြောင်းလဲနိုင်ရေးအတွက် တွန်းအားပေးလုပ်ဆောင်သွားကြရန်လည်း ၎င်းတို့နှစ်ဦး သဘောတူညီခဲ့ကြသည်။ 

တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲသည် လအတန်ကြာ ဆက်ဆံရေးတင်းမာမှုများဖြစ်ပေါ်ခဲ့ပြီး မြောက်ကိုရီးယားဘက်က စစ်မက်ဖြစ်ပွားမည့်သဘောမျိုး ပြောဆိုမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ကျင်းပဖြစ်ခဲ့ခြင်းလည်းဖြစ်သည်။ 

သမ္မတမွန်ဂျေအင်းနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ဂုဏ်ပြုညစာစားပွဲတွင် မိန့်ခွန်းပြောကြားရာ၌ ကင်ဂျုံအန်းက တိုးတက်ဖြစ်ထွန်းမှုများ ရှိလာအောင် လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ကြောင်း ပြောကြားသည်။ 

“တောင်-မြောက်ကိုရီးယားနှစ် နိုင်ငံအကြား အေးခဲနေတဲ့ ဆက်ဆံရေးကြီးကို နိဂုံးချုပ်ပေးနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားခဲ့ကြပါတယ်။ အဲဒီဆက်ဆံရေးကြီးဟာ တကယ့်ကို ခြောက်လှန့်မှုကြီး တစ်ရပ်ဖြစ်ခဲ့ပါတယ်။ ယခုကျွန်တော်တို့ ပြောနိုင်တာက ကမ္ဘာကြီးနဲ့နွေးထွေးတဲ့ ဆက်ဆံရေးတစ်ရပ် စတင်ပြီဆိုတာပါပဲ”ဟု ကင်ဂျုံအန်းက ပြောကြားသည်။ 

ကင်ဂျုံအန်းနှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့က ကိုရီးယားကျွန်းဆွယ်ဒေသ နျူကလီးယားဖြုတ်သိမ်းရေးအတွက် လုပ်ဆောင်သွားမည်ဟု ဆိုသော်လည်း မည်သို့မည်ပုံ လုပ်ဆောင်မည်ဟူသော အသေးစိတ်အချက်အလက်မှာမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ လေ့လာစောင့်ကြည့်သူများနှင့် နိုင်ငံရေးပညာရှင်များကမူ နျူကလီးယားဖြုတ်သိမ်းရေးအတွက် မြောက်ကိုရီးယားနိုင်ငံ၏ စိတ်ပါဝင်စားမှုနှင့်ပတ်သက်၍ သံသယဖြစ်လျက်ရှိသည်။ 

ယမန်နေ့က ကျင်းပပြုလုပ်သည့် အဆိုပါ တောင်-မြောက်ကိုရီးယားခေါင်းဆောင်နှစ်ဦး သမိုင်းဝင်တွေ့ဆုံပွဲသတင်းကို နိုင်ငံတကာမီဒီယာများ အားလုံးလိုလိုက အလေးအနက်ထား ရေးသားဖော်ပြခဲ့ကြသလို ယင်းသတင်းသာလျှင် မီဒီယာများအားလုံးကို လွှမ်းမိုးထားခဲ့သည်။ 

နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး သမိုင်းဝင်တွေ့ဆုံရာတွင် ၎င်းတို့၏ ဇနီးများလည်း ပါဝင်ခဲ့ကြသည်။ ကင်ဂျုံအန်းနှင့် မွန်ဂျေအင်းတို့သည် နယ်စပ်ဒေသတွင် ကိုရီးယား ငြိမ်းချမ်းရေးအထိမ်းအမှတ်အတွက် သစ်ပင်စိုက်ပျိုးခဲ့ကြကြောင်း မီဒီယာများက ထုတ်လွှင့်ပြသခဲ့ကြသည်။ 

ကင်ဂျုံအန်းကမူ ၎င်းတို့နှစ်ဦးသည် ကိုရီးယားကျွန်းဆွယ်ဒေသ၏ ကံဆိုးမိုးမှောင်ကျသော သမိုင်းကြောင်းမျိုး ထပ်မံ မဖြစ်ပေါ်စေရေးအတွက် ကာကွယ်သွားကြရန် သဘောတူညီခဲ့ကြောင်း ပြောကြားသည်။  

F-01



FOLLOW US