News

POST TAGGED AS

နျူးကလီးယား

ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် တရုတ်လူမျိုးအများစု သေဆုံးရမှုအပေါ် လွန်စွာဝမ်းနည်းကြေကွဲရကြောင်း ကင်ဂျုံအန်းထုတ်ဖော်


ပြုံယမ်း၊ ဧပြီ ၂၄

မြောက်ကိုရီးယားနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် တရုတ်နိုင်ငံသား ၃၂ ဦးနှင့် မြောက်ကိုရီးယားလူမျိုး လေးဦးတို့ သေဆုံးခဲ့ရမှုအပေါ် ခေါင်းဆောင်ကင်ဂျုံအန်းက အထူးပင်ဝမ်းနည်းကြေကွဲရသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သလို ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသွားသူများကို သွားရောက်ကြည့်ရှုခဲ့ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

တနင်္ဂနွေနေ့ညပိုင်းက မြောက်ကိုရီးယားနိုင်ငံ ဟွာဂါပြည်နယ်မြောက်ပိုင်းဒေသတွင် အဆိုပါဘတ်စ်ကားမှာ တံတားတစ်ခုပေါ်မှ ပြုတ်ကျသွားခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် တရုတ်လူမျိုး ၃၂ ဦး၊ မြောက်ကိုရီးယားလူမျိုး လေးဦးသေဆုံးခဲ့ပြီး တရုတ်လူမျိုး ၂ ဦးမှာဒဏ်ရာဆိုးရွားစွာ ရရှိသွားခဲ့သည်။ 

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက တနင်္လာနေ့တွင် မြို့တော်ပြုံယမ်းအခြေစိုက် တရုတ်သံရုံးသို့ သွားရောက်ပြီး တရုတ်သံအမတ်ကြီးနှင့်တွေ့ဆုံခဲ့သလို ဆေးရုံတွင် ကုသမှုခံယူလျက်ရှိသော တရုတ်ခရီးသွားများကိုလည်း သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ 

မီဒီယာသတင်းရေးသားရာတွင် အမင်္ဂလာဖြစ်သော သတင်းများနှင့် မကောင်းသည့်သတင်းများရေးသားမှုကို လွန်စွာတင်းကျပ်ထားသည့် မြောက်ကိုရီးယားတွင် ခေါင်းဆောင်ကင်ဂျုံအန်းကိုယ်တိုင် ယခုလို ဘတ်စ်ကားတိမ်းမှောက်မှုအတွက် အထူးဝမ်းနည်းကြေကွဲရကြောင်း တရားဝင်ထုတ်ပြန်ခဲ့သည်မှာ ထူးခြားမှုတစ်ရပ်ဖြစ်သည်။ 

နိုင်ငံပိုင် KCNA သတင်းဌာနက “ခေါင်းဆောင်ကြီး ကင်ဂျုံအန်းက ပြောပါသည်၊ ယင်းဘတ်စ်ကား မတော်တဆမှုကြောင့် လွန်စွာ စိတ်ထိခိုက်ဝမ်းနည်းရကြောင်း၊ ထိခိုက်သေဆုံး၊ ဒဏ်ရာရသူများ၏ မိသားစုဝင်များအကြောင်းကို စဉ်းစားမိတိုင်း မိမိ၏ ပူဆွေးမှုကို ထိန်းချုပ်၍မရတော့ကြောင်း ပြောဆိုသည်” ဟု ရေးသားဖော်ပြသည်။ 

မြောက်ကိုရီးယားဆိုင်ရာ တရုတ်သံအမတ်ကြီး လီဂျင်ဂျွန်က ခေါင်းဆောင်ကင်ဂျုံအန်းကိုယ်တိုင် သံရုံးနှင့် ဆေးရုံသို့ လာရောက်ကြည့်ရှုသည့်ကိစ္စကို တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ထိခိုက်သေဆုံးဒဏ်ရာရသူများ၏ မိသားစုဝင်များက ကောင်းစွာ မှတ်သားထားမည်ဖြစ်ကြောင်း ပြောကြားသည်။ 

အဆိုပါဘတ်စ်ကား မတော်တဆမှုကြီးနှင့်ပတ်သက်၍ မြောက်ကိုရီးယား အရာရှိများနှင့် အနီးကပ်ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်သည်ဟုလည်း တရုတ်သံအမတ်ကြီးက ပြောကြားသည်။ 

မြောက်ကိုရီးယားနိုင်ငံသို့ နှစ်စဉ်လာရောက် လည်ပတ်လျက်ရှိသော တိုးရစ်များ၏ ၈၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသားများဖြစ်ကြသည်။ 

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများက တရုတ်နိုင်ငံကို အမျက်ထွက်စေခဲ့သော်လည်း ဘေဂျင်းသည် ယနေ့အထိ ပြုံယမ်း ကွန်မြူနစ်အစိုးရ၏ အနီးကပ်မဟာမိတ်အဖြစ်ရပ်တည်နေဆဲဖြစ်သည်။

F-01



FOLLOW US