News

POST TAGGED AS

နျူးကလီးယား

နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများအားလုံးကို အချိန်အကန့်အသတ်မရှိ ရပ်ဆိုင်းမည်ဟု မြောက်ကိုရီးယားကြေညာ

ဆိုးလ်၊ ဧပြီ ၂၁

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်းနှင့် ထိပ်သီးဆွေးနွေးပွဲ မကျင်းပမီ သီတင်းတစ်ပတ်ခန့်အလိုတွင် မြောက်ကိုရီးယား ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်းက နျူကလီးယားနှင့် ပဲ့ထိန်း ဒုံးကျည်စမ်းသပ်သည့် အစီအစဉ်များအား အချိန်အကန့်အသတ်မရှိ ရပ်ဆိုင်းမည်ဟု ကြေညာလိုက်ကြောင်း သတင်းမီဒီယာများက ရေးသားဖော်ပြသည်။ 

ကင်ဂျုံအန်းသည် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနှင့် သမိုင်းဝင် ထိပ်သီး ဆွေးနွေးပွဲမကျင်းပမီ ယင်းသို့ မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်ကို အချိန်အကန့်အသတ် မရှိ ရပ်ဆိုင်းကြောင်း ကြေညာခြင်းဖြစ်ပြီး အဆိုပါ ကြေညာချက်သည်လည်း သမိုင်းတွင်သော ဖြစ်ရပ်တစ်ခုပင်ဖြစ်သည်ဟု မီဒီယာများက ဆိုသည်။ ကင်ဂျုံအန်းသည် ထိုသို့ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ် ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခြင်းဖြင့် သံတမန်ရေးအရ မျက်နှာပန်းလှစေရန် မျှော်မှန်းထားပုံရကြောင်း လေ့လာစောင့်ကြည့်သူများကဆိုသည်။ 

ဧပြီလ ၂၁ ရက် (စနေနေ့)က ကြေညာချက် ထုတ်ပြန်ရာတွင် ကင်ဂျုံအန်းက နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများကို အချိန် အကန့်အသတ်မရှိ ရပ်ဆိုင်းထားမည်ဖြစ်သလို နျူကလီးယား စမ်းသပ်သည့် နေရာကိုလည်း ပိတ်ထားမည်ဖြစ်သည်ဟု ဖော်ပြသည်။ 

အဆိုပါသတင်းကို မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းဌာနက တရားဝင် ထုတ်ပြန်ခြင်းလည်းဖြစ်သည်။ 

“ကျွန်ုပ်တို့အနေနှင့် မည်သည့် နျူကလီးယားစမ်းသပ်မှု သို့မဟုတ် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကိုမျှ ပြုလုပ်ရန် လိုအပ်တော့မည် မဟုတ်ပေ၊ အကြောင်းမှာ မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်ရေးလုပ်ငန်းခွင်သည် ၎င်း၏မစ်ရှင်ကို ပြီးမြောက်အောင်မြင်ခဲ့ပြီဖြစ်၍ပင်”ဟု ကင်ဂျုံအန်းက မြောက်ကိုရီးယားအနေနှင့် နျူကလီးယားလက်နက်များ ပြီးမြောက်အောင် တပ်ဆင်နိုင်ခဲ့ပြီဟူသော အချက်ကိုလည်း သိသာ ထင်ရှားအောင် ညွှန်းဆိုလိုက်သည်။

မြောက်ကိုရီးယား၏ အဆိုပါ သမိုင်းဝင် ကြေညာချက်နှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အလွန် ကောင်းမွန်သည့်သတင်းဖြစ်သည်ဟု ချီးမွမ်းပြောဆိုသည်။ “မြောက်ကိုရီးယားသည် ပင်မနျူကလီးယား စမ်းသပ်လုပ်ငန်းခွင်ကို ပိတ်ပင်ပစ်လိုက်သလို စမ်းသပ်မှုတွေ အားလုံးကိုလည်း ရပ်ဆိုင်းမည်ဟု သဘောတူညီလိုက်ပြီဖြစ်သည်။ ယင်းကိစ္စသည် မြောက်ကိုရီးယားနှင့် ကမ္ဘာကြီးအတွက် အလွန်ကောင်းသော သတင်းဖြစ်သည်။ ကျွန်ုပ်တို့ တွေ့ဆုံပွဲဖြစ်မြောက်အောင် လုပ်ဆောင်သွားမည်ဖြစ်သည်”ဟု ထရမ့်က ၎င်း၏ Twitter အကောင့်တွင် ပြောကြားသည်။

တောင်ကိုရီးယား သမ္မတရုံးကမူ မြောက်ကိုရီးယားနိုင်ငံ၏ အဆိုပါ ကြေညာချက်သည် အဓိပ္ပာယ် ပြည့်ဝသော တိုးတက်ဖြစ်ထွန်းမှု တစ်ရပ်ဖြစ်သည်ဟု ချီးမွမ်းပြောဆိုသည်။ သို့သော် ဂျပန်ကာကွယ်ရေးဝန်ကြီး အီဆူနိုရီအိုဒီရာက မြောက်ကိုရီးယားအပေါ် ဖိအားဆက်ပေးရမည်ဖြစ်ကြောင်း သတိပေးပြောကြားထားပြီး “ကျွန်ုပ်တို့ ဤမျှဖြင့် မကျေနပ်နိုင်”ဟု ပြောဆိုသည်။

F-01



FOLLOW US