News

POST TAGGED AS

နိုင်ငံတော်သမ္မတ

ကလေးစာပေပွဲတော် အဖွင့်စကား ပြောရာတွင် နိုင်ငံတော်သမ္မတ မျက်ရည်ကျ

နေပြည်တော်၊ နိုဝင်ဘာ ၅

နေပြည်တော်ရှိ မြန်မာကွန်ဗီးရှင်းစင်တာ (MICC2 ) တွင် နိုဝင်ဘာ ၅ ရက်က ပြုလုပ်သော ကလေးစာပေပွဲတော်သို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် တက်ရောက်အဖွင့်အမှာစကား ပြောကြားရာတွင် မျက်ရည်ကျခဲ့ကြောင်း ပွဲတော်တက်ရောက်သူများက ဆိုသည်။

ပြန်ကြားရေး ဝန်ကြီးဌာနက ပြုလုပ်သော အဆိုပါ ကလေးစာပေပွဲတော်၌ အဖွင့်အမှာစကားတွင် သမ္မတဦးထင်ကျော်၏ ဖခင် စာရေးဆရာကြီး မင်းသုဝဏ် ကိုယ်တိုင် ရေးသားပုံဖော်ခဲ့သော ကလေးစာပေနှင့် ပုံပြင်များ အကြောင်းကို ပြန်လည်ပြောကြားခဲ့ခြင်း ဖြစ်ပြီး ဖခင်၏ ဓာတ်ပုံပန်းချီကို လက်ညှိုးညွန်ရင်း မျက်ရည်ကျခဲ့ခြင်း ဖြစ်သည်။

“သူ (၎င်း၏ ဖခင် စာရေးဆရာကြီး မင်းသုဝဏ်) မရှိတော့ပေမယ့် ဒီပုံက ...” ဟု ပြောနေရင်း မျက်ရည်ကျခဲ့ပြီး အမှာစကားကို နိဂုံးချုပ်ခဲ့ခြင်း ဖြစ်ကြောင်း အခမ်းအနား တက်ရောက်ခဲ့သည့် သတင်းထောက်တစ်ဦးက ဆိုသည်။

ယင်းအပြင် နိုင်ငံတော်သမ္မတက “အထူးသဖြင့်တော့ ကလေးတွေကို သူရဲ့ ပတ်ဝန်းကျင်ကို အလေးထားပြီးတော့ အစစအရာရာ အမှုမဲ့ အမှတ်မဲ့ မနေဖြစ်အောင် စာပေလေးတွေဖတ် ကလေးကဗျာလေးတွေ ဖတ်ပြီးတော့ ဒီလိုနဲ့ပဲ ယဉ်ကျေးတဲ့ ကလေးတွေ ဖြစ်လာအောင် ယဉ်ကျေးတဲ့ ကလေးတွေ နောက်ပြီးတော့ မိဘဆရာသမား လေးစားထိုက်တဲ့ ကလေးဖြစ်အောင် နောက်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ကူညီချင်တဲ့သူတွေ ဖြစ်အောင် ဒါမှ ကျန်တဲ့သူဆိုရင် ကူညီရမယ် မရှိတဲ့သူဆိုရင် ဝိုင်းကူရမယ်” ဟု ဆိုသည်။

မိဘများ အနေနှင့်လည်း အတိုင်းအဆနှင့် ကလေးများကို ဝိုင်းဝန်းပံ့ပိုးကြရန်နှင့် အားလပ်ချိန်တွင်  စာဖတ်ချင်စိတ် ဖြစ်လာရန် တိုက်တွန်းပေးရမည် ဖြစ်ကြောင်း၊ အထူးသဖြင့် လက်ရှိခေတ်တွင် မူးယစ်ဆေးဝါး အန္တရာယ်ကို သတိထားမိစေချင်တဲ့ စာပေမျိုးကိုလည်း ဖတ်ဖြစ်စေချင်ပြီး မိဘများကလည်း အလေးထား လုပ်ဆောင်ပေးသင့်ကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။

“ကလေးတွေ အပေါင်းအသင်း မမှားအောင် ကလေးတွေ သုံးတာစွဲတာက စပြီးတော့ ဘယ်လိုသုံးလဲ၊ ဘာတွေသုံးနေလဲ တားဆီးသင့်တယ်။ စားတဲ့နေရာမှာလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ စားမိတိုင်း ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာစား စေချင်တယ်။ ဒီလိုဆင်ခြင်လာရင် စားစရာ ထုတ်တဲ့သူတွေ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေ ထုတ်လာမယ်။ သူတို့ရောင်းချ တိုင်းရောင်းတာကို ဝယ်စားမယ်ဆိုရင် အမှုမဲ့ အမှတ်မဲ့ဖြစ်မယ်။ မိဘတွေက ဝိုင်းထိန်းပေးမယ်ဆိုရင် သင့်တော်တဲ့ အစားအစာ၊ အန္တရာယ်မရှိတဲ့ အစားအစာအစစ အရာရာ ကိုယ့်ကလေးတွေအတွက် လုပ်ပေးနိုင်တာတွေ အများကြီးပဲ” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

ဆရာကြီး မင်းသုဝဏ်သည် ကလေးငယ်များအတွက် ကဗျာနှင့် ပုံပြင်များစွာ ရေးသားခဲ့သူတစ်ဦး ဖြစ်ပြီး ဝါဆိုဝါခေါင်၊ ဆွမ်းအုပ်နီနီကဲ့သို့ ကဗျာအချို့မှာ ကျောင်းသုံးဖတ်စာအုပ်တွင် ထည့်သွင်းပုံနှိပ်ခံခဲ့ရသည်။

“ဒလဘန်း” ဟု ကလောင်အမည် ယူထားသည့် သမ္မတ ဦးထင်ကျော်သည် ဖခင်ဖြစ်သူ၏ ဘဝကောက်ကြောင်းကို “အဘဘဝ အဘအကြောင်း တစေ့တစောင်း” ဆိုပြီး စာအုပ်ရေးသားခဲ့သည်။



FOLLOW US