News

POST TAGGED AS

နိုင်ငံရေး

မြန်မာအစိုးရ ပြင်ဆင်ပြောင်းလဲရန် အချိန်ကျပြီလော (၁)

ဒဲရစ်မစ်ချယ် ရေးသား၍ ချွန်ထူးဟန် ဘာသာပြန်သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး United States Institute of Peace and the Albright Stonebridge Group တွင် အကြီးတန်း အကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေသည့် သံအမတ်ကြီးဟောင်း ဒဲရစ်မစ်ချယ် ရေးသားထားသော Myanmar’s government—time for course correction၊ ကို ချွန်ထူးဟန်က ဘာသာပြန်ဆို ဖော်ပြခြင်း ဖြစ်ပါသည်။ (အယ်ဒီတာ)

မြန်မာနိုင်ငံအနေနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) သမိုင်းတွင်သည့် နိုင်ငံရေးအာဏာရရှိမှု ယခုမတ်လကုန်ဆိုလျှင် တစ်နှစ်ပြည့် အထိမ်းအမှတ် အခါသမယသို့ ရောက်ရှိတော့မည် ဖြစ်သည်။

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ပြည်လုံးကျွတ် အတိုင်းအတာဖြင့် (ထိုစဉ်က) အတိုက်အခံ NLD ပါတီ အနိုင်ရရှိခဲ့မှုအပေါ် အစွမ်းကုန် ဝမ်းသာပီတိဖြစ်ခဲ့ကြသူများ အနေနှင့်လည်း ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးတို့အတွက် ရာစုနှစ်တစ်ခု၏ လေးပုံတစ်ပုံကျော်ခန့်မျှ ကြိုးပမ်းရုန်းကန်ခဲ့ရပြီး အသက်၊ သွေး၊ ချွေးများစွာ ပေးဆပ်ခဲ့ရမှုများအတွက် ဖြစ်နိုင်ခြေ မရှိခဲ့သော ဆုလာဘ် (အဖြေ) ကြီးကို မည်သို့မျှ မေ့နိုင်မည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရာထူးတာဝန် ပြီးဆုံးကာ ယမန်နှစ် ၂၀၁၆ အစောပိုင်းက ရန်ကုန်မြို့ကို နှုတ်ဆက်ထွက်ခွာခဲ့ရသည့် ကျွန်တော့်အနေနှင့်လည်း အခြားသူများကဲ့သို့ပင် NLD အတွက် ကြီးမားသည့် အခက်အခဲများစွာ ရှိနေသည်ဟူသော အချက်ကို တွေ့မြင်ခဲ့ရပါသည်။

ဖိနှိပ်ချုပ်ခြယ်လွန်းလှသည့် နိုင်ငံတော်အာဏာကို အတိုက်အခံပြုရမှုနှင့် အစိုးရ အုပ်ချုပ်ရေး ယန္တရားကြီးတစ်ရပ် လည်ပတ်အောင် လုပ်ကိုင်ဆောင်ရွက်ရမှုတို့ အလွန်အမင်း ကွဲပြားခြားနားလှသည့် အရည်အချင်းများပင် ဖြစ်လေသည်။ အစိုးရဝန်ကြီးရာထူး နေရာများကို အရည်အချင်းရှိသည့် ပုဂ္ဂိုလ်များ ခန့်အပ်နိုင်ရေး၊ အစိုးရယန္တရားကြီးတစ်ခုလုံးကို ကျယ်ကျယ်ပြန့်ပြန့် စီမံခန့်ခွဲနိုင်ရေးတို့တွင် NLD ၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ ကျွန်တော်ရော၊ ကျွန်တော့်၏ လုပ်ဖော်ကိုင်ဖက်များကပါ စိုးရိမ်သောက ရောက်ခဲ့ကြရသည်။ နောက်ဆုံးတွင်မူ NLD ပါတီ အနေနှင့် စွမ်းရည်မြင့်မားလှသည့် ဗျူရိုကရေစီယန္တရားနှင့် လည်ပတ်နိုင်သော အစိုးရကောင်း တစ်ရပ်ကို မရရှိနိုင်ခဲ့ပေ။ စစ်ဘက်ဆိုင်ရာ လုပ်ဖော်ကိုင်ဖက်များအကြား ပုဂ္ဂိုလ်ရေး ရင်းနှီးကျွမ်းဝင်မှု အတိုင်းအတာဖြင့် ကြီးကြီးမားမား အလုပ်ဖြစ်ခဲ့သည့် ပုံစံရှိသော အစိုးရတစ်ရပ်ကိုသာ ရရှိခဲ့သည်။ နှိုင်းရသဘောအရ စွမ်းဆောင်ရည် နိမ့်ကျသည့် အစိုးရတစ်ရပ်ဟု ဆို၍ရပါသည်။

ကုန်ခဲ့သည့် နှစ် ၅၀ ခန့်ကာလအတွင်း ဖွံ့ဖြိုးမှု နိမ့်ကျနေခဲ့သည့် တိုင်းပြည်စီးပွားရေး၊ ပြည်တွင်းစစ် နှင့် အင်စတီကျူးရှင်းတစ်ခုချင်းစီ လုံးဝနီးပါး ပျက်စီးယိုယွင်းနေမှု အစရှိသည့် အရေးကိစ္စတို့ကို ရွေးကောက်ပွဲ တစ်ခုတည်းဖြင့် ရှင်းထုတ်ပစ်နိုင်မည် မဟုတ်သလို လူမှုအသိုင်းအဝိုင်းများ အကြား ကွာဟမှု၊ အယုံအကြည်မရှိမှု၊ အဂတိလိုက်စားမှု စသည်တို့၏ ဆိုးမွေများကိုလည်း ရွေးကောက်ပွဲတစ်ကြိမ် ကျင်းပရုံဖြင့် ဖယ်ရှားပစ်နိုင်မည် မဟုတ်ပေ။ တစ်မျိုးသားလုံး ဒီမိုကရေစီဆန်သော စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်မှု၊ ပြန်လည်ရင်ကြားစေ့မှု စသည်တို့ကို ရွေးကောက်ပွဲကဲ့သို့သော ဒီမိုကရေစီလှုပ်ရှားမှု တစ်ရပ်ဖြင့် ဖန်တီးပေးနိုင်မည် မဟုတ်ပေ။ ထို့အတူ မြန်မာကဲ့သို့သော မတူကွဲပြားခြားနားမှုများ ရှိသည့် နိုင်ငံတစ်နိုင်ငံတွင် အစဉ်ထာဝရ ငြိမ်းချမ်းမှုနှင့် ညီညွတ်မှု ပေါ်ပေါက်ရေးအတွက် မရှိမဖြစ် လိုအပ်သော ပေါင်းစည်းမှုကြီးတစ်ရပ်ကို ရွေးကောက်ပွဲ တစ်ခုတည်းက  အလွယ်တကူ ထုဆစ်ဖန်တီးပေးမည် မဟုတ်ပေ။

သို့တိုင်အောင် စိုးရိမ်တကြီး မေးစရာအဖြစ် ကျန်ရှိနေသည့် မေးခွန်းကြီးတစ်ခု ရှိနေပါသေးသည်။ ယင်းမှာ တပ်မတော် သို့မဟုတ် စစ်တပ်၏ အခန်းကဏ္ဍပင် ဖြစ်လေသည်။ အားလုံးသိထားကြသည့် အတိုင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်အပေါ် အရပ်ဘက်အစိုးရက ထိန်းချုပ်နိုင်ခွင့် မရှိသလို တပ်မတော်သား ကိုယ်စားလှယ်များ အနေနှင့် ဝင်ရောက်အရွေးခံစရာ မလိုဘဲ လွှတ်တော်တွင် အမတ်နေရာ ၂၅ ရာခိုင်နှုန်းကို အလိုအလျောက် ရယူခွင့် ရှိထားသည်။ အဆိုပါ အခြေခံဥပဒေကို ပြင်ဆင်ရာတွင်လည်း တပ်မတော်၏ ထောက်ခံမှု လိုအပ်ပါသည်။

ထို့ပြင် တပ်မတော်အနေနှင့် ကာကွယ်ရေး၊ နယ်စပ်ဒေသနှင့် ပြည်ထဲရေး အစရှိသော ဝန်ကြီးဌာနများကို ထိန်းချုပ်ခွင့်ပြုထားပေသည်။ သို့အတွက်ကြောင့် လက်တွေ့ကျကျ ပြောရမည် ဆိုပါက တပ်မတော်သည် ရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေး ဌာနတို့အပေါ် ထိန်းချုပ်ခွင့် ရထားသည်။ ရဲတပ်ဖွဲ့နှင့် ထွေ/အုပ်ဌာနတို့ ဟူသည်မှာ အရပ်ဘက်အုပ်ချုပ်မှုပိုင်းမှ မူဝါဒများနှင့် လမ်းညွှန်ချက်များကို အကောင်အထည်ဖော် ရေးဆွဲပေးပြီး အောက်ခြေအဆင့်သို့ ချပြရသည့် အဖွဲ့အစည်းများ ဖြစ်ပါသည်။ ထို့ကြောင့် ယေဘုယျသဘောအားဖြင့် မေးစရာများ ဖြစ်လာသည်မှာ NLD အနေနှင့် အဆိုပါ လမ်းညွှန်ချက်နှင့် မူဝါဒ ချမှတ်မှုများကို အသေအချာအကောင်အထည် ဖော်ဆောင်နိုင်မည်လော၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ အမျိုးသားလုံခြုံရေးနှင့်ဆိုင်သော အခြားပြဿနာများနှင့် ဆက်စပ်သော အရေးကိစ္စများတွင် တပ်မတော်၏ လှုပ်ရှားဆောင်ရွက်မှုများကို ကြီးကြီးမားမား ထိန်းချုပ်နိုင်ပါမည်လော စသည်တို့ပင် ဖြစ်ပေသည်။

အမှန်စင်စစ် ဆိုရပါက ပြီးခဲ့သည့် တစ်နှစ်ပတ်လုံး NLD ပါတီ အနေနှင့် ထိရောက်သော လုပ်ဆောင်ချက်များ မလုပ်နိုင်အောင် ဆိုခဲ့ပါ ကန့်သတ်ချက်များ အားလုံးက ဟန့်တားထားခဲ့တော့သည်။ NLD သည်လည်း ၎င်းကိုယ်တိုင် ရရှိလာမည့် အခြေအနေကို သိရှိခဲ့ဟန် ရှိပါသည်။ အာဏာရပါတီတစ်ရပ် အနေနှင့် စိန်ခေါ်မှုများကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရေး၊ အနှောင့်အယှက် အဟန့်အတားများကို ရှောင်းကွင်းသွားနိုင်အောင် ပဲ့ကိုင်ပေးရေး၊ ပြည်သူများ၏ အမြင့်ဆုံးမျှော်လင့်ချက်များ ပြည့်ဝအောင် ဖြည့်ဆည်းပေးရေး အစရှိသည်တို့အတွက် မဟာဗျူဟာများ ချမှတ်ရေးမှာ NLD ခေါင်းဆောင်များ၏ အလုပ်ပင် ဖြစ်ပေသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ အနေနှင့် ဖွဲ့စည်းတည်ဆောက်မှု ပုံစံဆိုင်ရာ အဟန့်အတားများဟူသည့် ကိစ္စကို အသာထားပြီး ရွေးကောက်ပွဲတွင် ရရှိခဲ့သည့် သောင်ပြိုကမ်းပြို အောင်မြင်မှု အရှိန်အဟုန်ကို ပထမ တစ်နှစ်တာကာလပတ်လုံး အကျိုးရှိရှိ အသုံးချနိုင်ခဲ့ပါ၏လော ဟူ၍ မေးမည်ဆိုလျှင် ကျိုးကြောင်းဆီလျော်မှု ရှိသည့် မေးခွန်းဟုပင် ဆိုရပေမည်။ အမှန်စင်စစ် (ဒီမိုကရေစီ) အစိုးရတစ်ရပ်၏ ရာထူးသက်တမ်း ပထမဆုံး နှစ်ကာလဟူသည် အမြဲတစေပင် အာဏာအကြီးမားဆုံးရသည့် အချိန်သမယပင် ဖြစ်သည်။ ရွေးကောက်ပွဲက ဖန်တီးပေးလိုက်သော လုပ်ပိုင်ခွင့် အာဏာကို ကောင်းစွာချုပ်ကိုင်ရယူနိုင်သည့် ထူးခြားသော အခွင့်အလမ်းရှိသည့် ကာလလည်း ဖြစ်သည်။ စိတ်ကူးအမြင်သစ်များ အကောင်အထည်ဖော် ရယူနိုင်သလို နိုင်ငံရေး မဟာမိတ်များလည်း ဖွဲ့ယူနိုင်ကာ နောင်နှစ်များအတွက် အုပ်ချုပ်မှု လမ်းစဉ်ကောင်းများလည်း အုတ်မြစ်ချနိုင်ပေသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (United States Institute of Peace) ၏ ကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံကို ကျွန်တော် ပြန်ရောက်လာခဲ့ပါသည်။ NLD အစိုးရ၏ ဦးဆောင်အုပ်ချုပ်မှု တစ်နှစ်တာကာလ နောက်ပိုင်း မြန်မာနိုင်ငံ အနေနှင့် မည်သို့မည်ပုံ ထူးခြားပြောင်းလဲနေသနည်း ဟူသည်ကို ကျွန်တော်ကိုယ်တိုင် မြင်တွေ့ရန် လာရောက်ခဲ့ခြင်းလည်း ဖြစ်ပါသည်။

တွေ့ဆုံစကားပြောဆိုခဲ့သည့် အီလစ်ကြီးများနှင့် သာမန်နိုင်ငံသားများထံမှ ကျွန်တော် သိရှိလိုက်ရသည့်အချက်မှာ NLD အစိုးရသက်တမ်းတွင်း သွားနေသည့်လမ်းကြောင်း (NLD ၏ လမ်းစဉ်) အပေါ် စိတ်ပျက်အားလျော့မှုများနှင့် စိုးရိမ်မှုများ ပူးတွဲနေခြင်းပင် ဖြစ်တော့သည်။ လူအနည်းငယ်က NLD ၏ ဦးတည်ချက်ကောင်းများ ဖြစ်ကြသော အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ငြိမ်းချမ်းရေး မြှင့်တင်မှု အစရှိသည်တို့ကို ပြောကြသော်လည်း အများစုက ပါတီ၏  အုပ်ချုပ်မှုပုံစံနှင့် လုပ်ငန်းစဉ်များသည် အနာဂတ်ကာလ NLD ဆက်လက်အောင်မြင်နိုင်ရေးအတွက် အပြုသဘောဆောင်သည့် အမြင်များ ဖန်တီးပေးနိုင်ပါမည်လောဟု မေးခွန်းထုတ်ကြလေသည်။

ချွန်ထူးဟန်

မနက်ဖြန် အဆုံးသတ်ပါမည်။
Ref: Myanmar’s government—time for course correction? By Derek Mitchell



FOLLOW US