News

POST TAGGED AS

နိုင်ငံရေး

29-Jan-2017

နိုင်ငံရေး
နိုင်ငံရေး ဆွေးနွေးပွဲအတွက် ရှမ်းလူထု သဘောထား ကောက်ယူမည်
ရန်ကုန်၊ ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပချိန်တွင် ရှမ်းလူထု၏ သဘောထားဆန္ဒများ ပါဝင်နိုင်ရန်အတွက် ပြည်သူ့အမြင် သဘောထားများကို ဖေဖော်ဝါရီ ၉ ရက်အထိ ကွင်းဆင်း ကောက်ယူသွားမည်ဖြစ်ကြောင်း ရှမ်းပြည် ညီညွတ်ရေး ကော်မတီ (CSSU) အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

ဖေဖော်ဝါရီလတွင် ကျင်းပမည့် ရှမ်းလူမျိုးများ၏ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲအတွက် ရှမ်းပြည်နယ်မှ နိုင်ငံရေးပါတီများ၊ ရှမ်းတိုင်းရင်းသား ပါတီများ၊ ရှမ်းလက်နက်ကိုင် အဖွဲ့များနှင့် ရှမ်းလူမှု အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် CSSU မှ ဦးဆောင်ကာ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်ကို တောင်ကြီးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုဌာန၌ ဇန်နဝါရီ ၂၃ ရက်မှ ၂၇ ရက်အထိ ငါးရက်တိုင် ကျင်းပခဲ့ကြောင်း၊ ယင်းဆွေးနွေးပွဲမှ ရှမ်းတိုင်းရင်းသားများ၏ အမြင်သဘောထားများ ကောက်ယူရန်အတွက် အဖွဲ့ ၁၄ ဖွဲ့ ဖွဲ့စည်းခဲ့ကြောင်း ၎င်းက ပြောသည်။

“ရှမ်းလူထုဆန္ဒက ဘယ်လိုရှိသလဲဆိုတာကို လိုက်မေးမယ်။ ဆွေးနွေးမယ်ပေါ့။ ခေါင်းစဉ်တွေ အနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝ သယံဇာတဆိုင်ရာတွေကို လိုက်လံဆွေးနွေးပြီး သူတို့ သဘောထား မှတ်ချက်တွေကို ကောက်ယူသွားမယ်။ ဒီနေ့ စကောက်နေကြပြီ”ဟု ဦးစိုင်းညွန့်လွင်က ဆိုသည်။

အမြင်သဘောထား ကောက်ယူရာတွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် ရောက်ရှိနေသည့် ရှမ်းတိုင်းရင်းသားများထံ သွားရောက်မေးမြန်း ကောက်ယူမည်ဖြစ်ပြီး အဆိုပါ ပြည်နယ် သုံးခုနှင့် တိုင်းဒေသကြီး နှစ်ခုအတွင်းမှ မြို့နယ်ပေါင်း ၄၅ မြို့နယ်ကို ကွင်းဆင်းကောက်ယူရန် လျာထားကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

ယင်းမှ ရရှိလာသော သဘောထားရလဒ်များကို ဖေဖော်ဝါရီလတွင် ကျင်းပမည့် ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေး၌ တင်ပြသွားမည်ဖြစ်ကြောင်း CSSU မှ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးစိုင်းလိတ်က ဆိုသည်။

ရှမ်းပြည်ညီညွတ်ရေး ကော်မတီ(CSSU) ကို ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီတို့ အပါအဝင် ရှမ်းလူငယ် အဖွဲ့အစည်းများ၊ ရှမ်းအရပ်ဘက် လူမှုအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားပြီး ယင်းကော်မတီ ဥက္ကဋ္ဌမှာ SNLD ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ဖြစ်သည်။

NCA အရ ကျင်းပသည့် လူမျိုးအလိုက်၊ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ဇန်နဝါရီ ၁၈ ရက်က ကရင်ပြည်နယ်တွင် ကရင်လူမျိုးများက ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး ဒေသအလိုက်ကို တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့၌ ဇန်နဝါရီ ၂၃ ရက်မှ ၂၅ ရက်အထိ သုံးရက်တိုင် ကျင်းပခဲ့သည်။

ရွှေဖူးခင်



FOLLOW US