News

POST TAGGED AS

နိုင်ငံရေး

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ဇန်နဝါရီလအတွင်း ကျင်းပရန် စီစဉ်
ရန်ကုန်၊ ဒီဇင်ဘာ ၂၄

အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို လာမည့် ဇန်နဝါရီလအတွင်း ကျင်းပရန် စီစဉ်နေကြောင်း ငြိမ်းချမ်းရေး ကော်မရှင်ထံမှ သိရသည်။

ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် နယ်မြေများ ဖြစ်သော ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် အကြောင်းအရာလိုက် ကျင်းပမည့် ဆွေးနွေးပွဲ (CSO Forum) ကို နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး ကော်မရှင်ထံမှ  သိရသည်။

အဆိုပါ ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် ညှိနှိုင်းနေပြီး ပါဝင်မည့် ကိုယ်စားလှယ်စာရင်းကို ညှိနှိုင်းနေကြောင်း၊ ၂ဝ၁၇ ဇန်နဝါရီလ မကုန်မီ ကျင်းပသွားရန် ပြင်ဆင်ထားကြောင်း ငြိမ်းချမ်းရေး ကော်မရှင်အကြံပေး ဦးလှမောင်ရွှေက ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ကျင်းပမည့် ဒေသအလိုက် နိုင်ငံရေး ဆွေးနွေးပွဲကို တိုင်းအစိုးရက ဦးဆောင်ကျင်းပသွားမည် ဖြစ်ပြီး တိုင်းလွှတ်တော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့မှ ကိုယ်စားလှယ်များ ပါဝင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် လူမျိုးအလိုက် ကျင်းပမည့်  အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကရင်ပြည်နယ်တွင် ကျင်းပမည်ဖြစ်ပြီး အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA-PC နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့က ဦးဆောင်ကျင်းပမည် ဖြစ်ကြောင်းဦးလှမောင်ရွှေ၏  ပြောကြားချက်အရ သိရသည်။

နေပြည်တော်တွင် ကျင်းပမည့် အကြောင်းအရာအလိုက် အရပ်ဘက် လူ့အဖွဲ့အစည်းဖိုရမ်ကို ဇန်နဝါရီလ နောက်ဆုံးကျင်းပရန် စီစဉ်ထားပြီး ပါဝင်မည့် လူစာရင်းကို ရွေးချယ်နေကြောင်း ငြိမ်းချမ်းရေး ကော်မရှင်ထံမှ သိရသည်။

အဆိုပါ အမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲများမှ ရရှိလာသည့် ရလဒ်များကို ဒုတိယအကြိမ် ကျင်းပမည့် ပြည်ထောင်စုငြိမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံတွင် ယူဆောင်၍ ဆွေးနွေးသွားမည် ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့ NCA စာချုပ်တွင် လက်မှတ်ရေးထိုးရခြင်း မရှိသေးသည့် အခြေအနေတွင် အဆိုပါ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို စတင်ရန် စီစဉ်နေခြင်း ဖြစ်သည်။

NCA စာချုပ်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှ ထွက်ပေါ်လာသည့် ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေများကို လိုအပ်သလို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြုလုပ်ရန် သဘောတူကြောင်း ဖော်ပြထားသည်။

J- 08



FOLLOW US