News

POST TAGGED AS

နိုင်ငံရေး

မြန်မာ့စီးပွားရေးအပေါ် အစိုးရ အမွှမ်းမတင်ရန်လိုကြောင်း ဦးမြင့် ဝေဖန်
ရန်ကုန်၊ ဩဂုတ် ၎

မြန်မာ့စီးပွားရေးအပေါ် အစိုးရအနေနှင့် ယုံကြည်မှုလွန်ကဲပြီး အမွှမ်းမတင်ရန်လိုအပ်ကြောင်း ဘောဂဗေဒပညာရှင် ဒေါက်တာဦးမြင့်က ပြောကြားသည်။

ဩဂုတ်လ ၄ ရက်က ရန်ကုန်မြို့ UMFCCI ၌ ပြုလုပ်သည့် “ငွေကျပ် လဲလှယ်နှုန်း ဘာတွေဖြစ်နေသလဲ” ဒေါက်တာဦးမြင့် (ဘောဂဗေဒပညာရှင်) ၏ တင်ပြချက် ဟောပြောပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဘယ်အစိုးရမဆို သူ့ကိုယ်သူ အမွှမ်းတင်ကြတယ်၊ ဒါမဆန်းပါဘူး။ ခက်တာက အဲအမွှမ်းတင်တာကြီးကို သွားယုံစားလို့ရှိရင် ဒုက္ခရောက်မယ်”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ လက်ရှိ GDP နှုန်းဖြင့် စင်ကာပူနိုင်ငံ၏ လက်ရှိ GDP နှုန်းထားကို အမီလိုက်ရန် နှစ် ၃၀ ခန့် အချိန်ယူရမည်ဖြစ်ကြောင်း ဒေါက်တာဦးမြင့်က ပြောဆိုသည်။

“သိပ်ပြီးတော့လည်း ဒါတွေလည်း လျှောက်လျှောက်မပြောနေပါနဲ့၊ သိပ်ပြီးတော့ အမွှမ်းမတင်နေပါနဲ့ နည်းနည်းပါးပါး စဉ်းစဉ်းစားစားပြောပါလို့ ကျွန်တော်ပြောချင်ပါတယ်”ဟု ဦးမြင့်က ဆိုသည်။နိုင်ငံခြားငွေလဲလှယ်မှုနှုန်းသည် ပြီးခဲ့သည့် သုံးလအတွင်းမှစတင်ကာ ဆက်တိုက်မြင့်တက်လာခဲ့ပြီး လတ်တလောတွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၁၄၆၀ ကျော်အထိ စံချိန်တင် မြင့်တက်လျက်ရှိသည်။

“ငွေကြေးလဲလှယ်နှုန်း ပြဿနာက ပေါ့သေးသေးလုပ်လို့မရဘူး။ ထိန်းချုပ်ဖို့ လိုတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ငွေကြေးလဲလှယ်နှုန်း မတည်ငြိမ်တဲ့ ပြဿနာကနေ ဘဏ္ဍာရေးပြဿနာ ဖြစ်လာတယ်။ ပြီးတော့ နိုင်ငံရေး ပြဿနာအထိ ဖြစ်လာဖူးတယ်၊ ဗဟိုဘဏ်အနေနဲ့ လက်ရှိ ငွေကြေးလဲလှယ်နှုန်း မြင့်တက်နေတာနဲ့ ပတ်သက်ပြီး ဘာမှ မည်မည်ရရလုပ်တာ မတွေ့ရသေးဘူး”ဟု ဒေါက်တာ ဦးမြင့်က ဆိုသည်။

စီးပွားရေးဖွံ့ ဖြိုးတိုးတက်သော နိုင်ငံများတွင်လည်း နိုင်ငံ၏ငွေကြေးမူဝါဒများ ပိုမိုကောင်းမွန်စေရေး နိုင်ငံခြားသား ပညာရှင်များကို ဗဟိုဘဏ်၏ ဥက္ကဋ္ဌရာထူးနှင့် အထူးအကြံပေးကဲ့သို့ ရာထူးများထားကာ ခန့်အပ်ကြပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနှင့် လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုတွင်ကျယ်စေရေးနှင့် လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ရန်အတွက် နိုင်ငံခြားသားပညာရှင်များ ခန့်အပ်ရန်လိုအပ်ကြောင်း ဘောဂဗေဒပညာရှင် ဒေါက်တာဦးမြင့်က အကြံပြုပြောကြားသည်။

လက်ရှိအချိန် ဖြစ်ပေါ်နေသော ငွေကြေးလဲလှယ်နှုန်းထားများ မတည်ငြိမ်မှုသည် ပြည်တွင်းတွင် ဖြစ်ပေါ်နေသော ကိစ္စများသာမက ပြည်ပနိုင်ငံများ၏ စီးပွားရေးဆိုင်ရာမူဝါဒများ ပြောင်းလဲမှုကြောင့်လည်း ပါဝင်ကြောင်း ဘဏ်လုပ်ငန်း ကျွမ်းကျင်ပညာရှင် ဦးသန်းလွင်က ပြောကြားသည်။

“အခုအချိန်က ခန့်ဖို့လိုအပ်တဲ့ အချိန်ပါ။ ငွေကြေးလဲလှယ်နှုန်းက အတက်ကြမ်းလာရင် ပြန်ပြီးတော့ အကျလည်း ကြမ်းနိုင်တယ်”ဟု ဦးသန်းလွင်က ပြောကြားသည်။ 

J-01




FOLLOW US