News

POST TAGGED AS

နိုင်ငံရေး

ရှစ်လေးလုံး ပြည်သူ့ပါတီကို သတင်းစာရှင်းလင်းပွဲလုပ်၍ ထပ်မံကန့်ကွက်
ရန်ကုန်၊ မေ ၁၉

ရှစ်လေးလုံး ပြည်သူ့ပါတီနှင့် ပတ်သက်ပြီး ရှစ်လေးလုံးဟူသောအမည်ကို ကန့်ကွက်သည့် နိုင်ငံရေး အင်အားစုများက မေလ ၁၉ ရက်တွင် ရန်ကုန်မြို့၌ သတင်းစာ ရှင်းလင်းပွဲလုပ်၍ ကန့်ကွက်ခဲ့ကြသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ သခင်ကိုယ်တော်မှိုင်း (ငြိမ်းချမ်းရေးကွန်ရက်)၊ ပြည်ပရောက် ၈၈ မျိုးဆက်များ၊ ပြည်တွင်း နိုင်ငံရေး အင်အားစုများနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့ဝင်အချို့ လာရောက်ကာ ထပ်မံရှင်းလင်းကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

ရှစ်လေးလုံး ဟူသောအမည်မှာ သမိုင်းဆိုင်ရာ သင်္ကေတအမည်တစ်ခု ဖြစ်သောကြောင့် ပါတီတစ်ခုက အပိုင်စီးသကဲ့သို့ မပြုလုပ်သင့်ကြောင်း ကန့်ကွက်သူများက ပြောဆိုကြသည်။ 

“ကျွန်တော်တို့က ရှစ်လေးလုံး၊ ရှစ်ဆယ့်ရှစ်ဆိုတဲ့ နာမည်အပေါ်မှာ ကန့်ကွက်တာပါ။ နိုင်ငံရေးအရ၊ လူပုဂ္ဂိုလ်အရ ဘာမှပြောစရာ မရှိပါဘူး။ ရှစ်ဆယ့်ရှစ်ဆိုတာကလည်း အားလုံး သိထားတဲ့အတိုင်းပဲ ပြည်သူတစ်ရပ်လုံး အသက်တွေ၊ ဘဝတွေ စတေးခဲ့ရတာ၊ ဒီနာမည်ကို မသုံးသင့်ဘူး”ဟု သခင်ကိုယ်တော်မှိုင်း (ငြိမ်းချမ်းရေးကွန်ရက်-ပြည်ခရိုင်)မှ ဦးချစ်ဆောင်က ဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင်ထံ ကန့်ကွက်ကြောင်း စာပို့ထားပြီးဖြစ်သော်လည်း ပို၍လေးနက်စေရန် ပြည်ပနေသူများထံမှ လက်မှတ် ၅၀၀ ကျော် ကောက်ခံကာ ကော်မရှင်နှင့် သက်ဆိုင်ရာ ပါတီသို့ ပေးပို့ရန်စီစဉ်နေကြောင်းလည်း ပြည်ပရောက် ၈၈ မျိုးဆက်နိုင်ငံရေးအင်အားစုများ၏ ကိုယ်စားလှယ်အဖြစ် လာရောက်သည့် ဦးမောင်မော်မော်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ရှစ်လေးလုံး ပြည်သူ့ပါတီကို ဧပြီလ ၂၆ ရက်၌ ကော်မရှင်က ပါတီတည်ထောင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ပါတီ၏အမည်၊ အလံနှင့် အမှတ်တံဆိပ်များနှင့်ပတ်သက်၍ ကန့်ကွက်လိုလျှင် ၇ ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း မေလ ၅ ရက်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့ရာ ကန့်ကွက်မှုလည်း များပြားကြောင်း ကော်မရှင်က ပြောဆိုထားသည်။

လက်ရှိတွင် အဆိုပါပါတီ မှတ်ပုံတင်ကျရန် ပြည်ထဲရေးဝန်ကြီးဌာန၏ သဘောထားမှတ်ချက် တောင်းခံထားပြီး ၎င်းသဘောထားမှတ်ချက်နှင့် ကန့်ကွက်သူများ၏ အချက်အလက်ပေါ် ဆွေးနွေး၍ ပါတီမှတ်ပုံတင်ပေးသင့်၊ မပေးသင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဆုံးဖြတ်ရမည်ဖြစ်သည်။

“နာမည်နဲ့ပတ်သက်ပြီး ကန့်ကွက်ရင် တရားဝင် ဥပဒေကြောင်းအရ ကန့်ကွက်တာကိုပဲ ကျွန်တော်တို့ လက်ခံမယ်။ အပြင်ကနေ ပြောဆိုနေတာကို ကျွန်တော်တို့ ထည့်သွင်းစဉ်းစားမှာ မဟုတ်ဘူး။ ကန့်ကွက်ချင်ရင် ကော်မရှင်ကတစ်ဆင့် တရားဝင် ကန့်ကွက်ပါ”ဟု ယင်းပါတီဖြစ်မြောက်ရေး ကော်မတီ၏ ပထမခေါင်းဆောင် ဦးကိုကိုကြီးက မီဒီယာများကို ပြောဆိုထားသည်။

အဆိုပါ ပါတီကို ရှစ်လေးလုံးအရေးတော်ပုံကာလတွင် ဦးဆောင်ခဲ့သည့် ကျောင်းသားခေါင်းဆောင်းဟောင်းများသည် ရှစ်လေးလုံးပါတီအမည်ဖြင့် စတင်ဖွဲ့ခဲ့ခြင်းဖြစ်ပြီး အငြင်းပွား ကန့်ကွက်မှုများကြောင့် ရှစ်လေးလုံး ပြည်သူ့ပါတီဟု အမည်ပြောင်းလဲမှတ်ပုံတင်ခဲ့ကာ လက်ရှိအချိန်တွင် ရန်ကုန်၊ မန္တလေး၊ ပဲခူး စသော တိုင်းဒေသကြီးများရှိ မြို့နယ်အချို့နှင့် မွန်ပြည်၊ ရှမ်းပြည်နယ်ရှိ မြို့နယ်အချို့တွင် ပါတီဖြစ်မြောက်ရေး ရုံးခန်းများ ဖွင့်လှစ်ထားပြီး ဖြစ်သည်။

ဝေလင်း



FOLLOW US