News

POST TAGGED AS

နိုင်ငံရေး

ကိုအောင်မှိုင်းဆန်းနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတို့ တရားရုံးကို သပိတ်မှောက်မည်

မန္တလေး၊ မေ ၉

ဖမ်းဆီးခံထားရသော ဗကသ အဖွဲ့ဝင်ဟောင်း ကိုအောင်မှိုင်းဆန်းနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုစိုးမိုးနိုင်(ခ) ဒိန်းဒေါင်တို့က တရားရုံးကို သပိတ်မှောက်မည်ဖြစ်ကြောင်း မေလ ၉ ရက်နေ့က ချမ်းအေးသာစံမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ရာ၌ ပြောကြားခဲ့သည်။

“တရားရေးမဏ္ဍိုင်ကို အယုံအကြည် မရှိတဲ့အတွက် တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူး။ ရှေ့နေလည်း ငှားမှာမဟုတ်ဘူး။ တရားရုံးကမေးလည်း ပြန်ဖြေမှာ မဟုတ်ဘူး။ အာမခံလည်း မယူဘူး”ဟု ဖမ်းဆီးခံရသူ ကိုအောင်မှိုင်းဆန်းက ပြောကြားသည်။

ဗကသအဖွဲ့ဝင်ဟောင်း ကိုအောင်မှိုင်းဆန်း၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုစိုးမိုးနိုင် (ခ) ဒိန်းဒေါင်တို့ကို မေလ ၈ ရက်နေ့ ညနေပိုင်းတွင် ချမ်းအေးသာစံ မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ပိတ်မိနေသည့်ပြည်သူများ လွှတ်ပေးရေးနှင့် စစ်ပွဲများရပ်တန့်ရေးအတွက် မန္တလေးမြို့တော်၌ မေလ ၆ ရက်နေ့က ဆန္ဒပြတောင်းဆိုရာတွင် ပါဝင်ခဲ့သောကြောင့် အဖမ်းခံထားခြင်းဖြစ်သည်။

ဗကသခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ ကိုအောင်မှိုင်းဆန်းနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုစိုးမိုးနိုင် (ခ) ဒိန်းဒေါင်တို့ကို မေလ ၉ ရက်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် ချုပ်ရက်ရမန်ယူခဲ့ရာ ယင်းသို့ ချုပ်ရက်ရမန်ယူစဉ် မြို့နယ်တရားသူကြီးက မေးမြန်းရာ၌ ၎င်းတို့နှစ်ဦးက အပြစ်မရှိကြောင်းနှင့် အာမခံယူမည် မဟုတ်ကြောင်း ဖြေကြားခဲ့သည်။

နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ ကဗျာဆရာ စာရေးဆရာများနှင့် စစ်ပွဲများကို ရပ်တန့်စေလိုသည့် လူငယ်အချို့သည် မန္တလေးမြို့၌ မေလ ၆ ရက်နေ့ ညနေပိုင်းက ဈေးချိုရှေ့မှစတင်ကာ ဓာတ်ပုံများ၊ ပိုစတာများနှင့် ဗီနိုင်းများ ကိုင်ဆောင်ကာ ဆိုင်ကယ်များဖြင့် လှည့်လည်ပြီး ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကေအိုင်အေ လက်နက်ကိုင်တပ်ဖွဲ့တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပိတ်မိနေသည့်ပြည်သူများ အမြန်ဆုံး လွတ်မြောက်ရေးနှင့် တပ်မတော်ဘက်က ထိုးစစ်များရပ်တန့်ပေးရေး လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးကို မန္တလေးအိုးဘို အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားပြီး မေလ ၁၈ ရက်နေ့တွင် တရားရုံးက ထပ်မံ ချိန်းဆိုထားသည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့်ရာတွင် ဗကသကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ကိုအောင်မှိုင်းဆန်း၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုစိုးမိုးနိုင် (ခ) ဒိန်းဒေါင်နှင့် ကဗျာဆရာ ကလင့် (မန္တလေး) တို့ ပါဝင်သည်။

ကျန်ရှိသူတစ်ဦးကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေသည်ဟု ချမ်းအေးသာစံ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖမ်းဆီးခံရသူများအနက် ဗကသ အဖွဲ့ဝင် ကိုအောင်မှိုင်းဆန်းသည် ပြည်ထောင်စုအဆင့် အရပ်ဘက် အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဖိုရမ် ကော်မတီ၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သည်။

ကိုအောင်မှိုင်းဆန်းနှင့် ကိုဒိန်းဒေါင်တို့သည် မန္တလေးမှရန်ကုန်သို့ လမ်းလျှောက်ချီတက်ခဲ့သော ၂၀၁၅ ခုနှစ် ကျောင်းသား သပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့ပြီး လက်ပံတန်းမြို့တွင် ဖမ်းဆီးခြင်းခံရာမှ ၂၀၁၆ ခုနှစ် ဧပြီလတွင် ပြန်လည် လွှတ်မြောက်ခဲ့သူများဖြစ်သည်။

M-01



FOLLOW US