News

POST TAGGED AS

နိုင်ငံရေး

ပြည်သူတွေအပြစ်လား အစိုးရတွေအပြစ်လား
အမှိုက်တွေ စည်းမရှိကမ်းမရှိပစ်လို့ ပုံတွေတင် ပို့စ်တွေရေး မြန်မာတွေ မတိုးတက်တာ ဒါကြောင့် ဘာညာများနေပြီ။ ဘာလို့ ထူးမလာရတာလဲ။

တကယ်ပဲ ပြည်သူတွေမှာ အပြစ်ရှိတာလား။ ပြောရရင် ဟုတ်လည်းဟုတ်တယ် မဟုတ်လည်းမဟုတ်ဘူး။ လူအနည်းငယ်ကပဲ အမှိုက်ကို စည်းကမ်းတကျပစ်တာ။ တစ်ထောင် တစ်ယောက်မရှိဘူး။

လူများစုက ဖြစ်ချင်သလိုဖြစ်နေတာ။ ကိုယ့်ကားကို ပေစွန်းကုန်မှာစိုးတော့ ကားမောင်းရင်း တံခါးကိုဖွင့်ပြီးမှ အများပိုင်တဲ့လမ်းမပေါ် ကွမ်းတံတွေးကို သေသေချာချာထွေးတယ်။ ကားပေါ်က အမှိုက်ပစ်ချတယ်။ သူများခေါင်းပေါ် ကွမ်းတံတွေးထွေးချတယ်။ နောက်ဖေးလမ်းကြားထဲ အိမ်ထဲကထွက်သမျှ အမှိုက်မျိုးစုံ အကုန်ပစ်ချတယ်။ အထပ်မြင့်တွေပေါ်ကနေ နောက်ဖေးလမ်းကြားထဲ ပစ်ချတယ်။ ရပ်ကွက်တွေထဲ အမှိုက်မပစ်ရ ဆိုင်းဘုတ်အောက်မှာ ပစ်တယ်။ ယဉ်ကျေးမှုလိုဖြစ်နေပြီ။ အမြစ်တွယ်နေပြီ။ အပြစ်လို့ကို မစဉ်းစားတာ။ လူတွေရဲ့ မသိစိတ်ထဲမှာ ငါမပစ်တော့ ဘာထူးမှာလဲ၊ လူတိုင်းပစ်နေတာ ညစ်ပတ်ပြီးသားပဲဆိုတဲ့အသိ ကိန်းအောင်းနေတယ်၊ စွဲနေတယ်။

ဒါနှစ်ပေါင်းများစွာ အလေ့အကျင့်ဖြစ်လာတဲ့ကိစ္စ။ ဆိုရှယ်မီဒီယာပေါ်ကနေ ပို့စ်တင်ပြီး သတိပေးတာ ကောင်းပါတယ်။ သို့သော် ဒီနည်းလမ်းတစ်ခုနဲ့တော့ ပြည်သူလူထု စည်းကမ်းရှိလာဖို့မရှိဘူး။ မလွယ်ဘူး။ စောစောကပြောသလို လူတွေအပြစ်လားဆိုရင် ဟုတ်လည်းဟုတ်တယ်။ မဆင်မခြင် တန်ဖိုးမဲ့တဲ့အလုပ်ကို လုပ်ကြတာ။ မကောင်းဘူးဆိုတာ သိတယ်။ သိပေမယ့် တက်ညီလက်ညီလုပ်နေကြတယ်။ ဒီလိုလုပ်ရင် မကောင်းဘူး။ ကျန်းမာရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ မြို့ပြ၊ နိုင်ငံရဲ့ဂုဏ်အားလုံး ထိခိုက်တာ လူတိုင်းမသိ မရှိဘူး။ သိကိုသိတယ်။ သိသိကြီးနဲ့ လုပ်နေကြတာမို့ အပြစ်ရှိတာပေါ့။

ဒါပေမဲ့ အပြစ်လည်းမရှိဘူးလို့ ပြောလို့ရတယ်။ ပြည်သူလူထုကို အခုလို အဆင်ခြင်မဲ့ စည်းကမ်းမဲ့ အမှိုက်မပစ်အောင် စည်းကမ်းကို တန်ဖိုးထားတဲ့ ချစ်မြတ်နိုးတဲ့လူတွေ ဖြစ်လာအောင်၊ နိုင်ငံတကာအဆင့်မီ ယဉ်ကျေးမှုမြင့်မားတဲ့ နိုင်ငံသားတွေဖြစ်လာအောင် စနစ်တကျလေ့ကျင့် ပျိုးထောင်ပေးလို့မရဘူးလား။ 

ပြည်သူလူထုကို အမှန်တကယ် အဆင့်မြင့်စေချင်တဲ့အစိုးရများဟာ လူထုကို အဆင့်မြင့်လာအောင် နေထိုင်မှု ဓလေ့စရိုက်တွေ ကောင်းလာအောင် နည်းစုံလမ်းကုန်သုံးပြီး လေ့ကျင့်ပေးကြတယ်။ ထိန်းမတ်ပေးကြတယ်။ ပျိုးထောင်ပေးကြတယ်။ ချော့သင့်တာချော့ ခြောက်သင့်တာခြောက် ဥပဒေစည်းမျဉ်းကောင်းတွေ ရေးဆွဲပြဋ္ဌာန်းပြီး စနစ်တကျ ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲပေးကြတယ်။

အဲသလို အစိုးရတွေရှိတဲ့ ဘယ်တိုင်းပြည်မှာမှ ပြည်သူလုထုက စည်းမဲ့ကမ်းမဲ့ အမှိုက်မပစ်ကြဘူး။ တံတွေးမထွေးကြဘူး။ မဆင်မခြင် ဘာမှမလုပ်ကြဘူး။ တန်ဖိုး (Value) တွေကို သိမြင်နားလည်ကြတယ်။ တန်ဖိုးထားကြတယ်။ စည်းကမ်းရှိရတာ ဂုဏ်ယူစရာလို့ ကောင်းကောင်း သိမြင်ခံစားကြတယ်။ စည်းကမ်းဖောက်ဖို့ကို အင်မတန်မှ ရှက်ကြောက်ကြတယ်။

အမှိုက်ပစ်ဓလေ့နဲ့ပတ်သက်လို့ နာမည်ကျော်တဲ့ ဂျပန်နိုင်ငံအကြောင်း နည်းနည်းလေ့လာကြည့်သင့်တယ်။ ဂျပန်မှာ ငယ်ငယ်လေးကတည်းက အမှိုက်ကို စနစ်တကျပစ်တတ်အောင် သွန်သင်ဆုံးမတယ်။ ကလေးတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ ဂျပန်ဟာစံပြပဲ။ တစ်နိုင်ငံလုံး တောရောမြို့ပါ သပ်ရပ်သန့်ရှင်းနေတာ။ အမှိုက်တစ်စမရှိဘူး။ ရှေ့ကလူတစ်ယောက် အမှုမဲ့အမှတ်မဲ့ အမှိုက်ကျကျန်ခဲ့ရင် နောက်ကမြင်တဲ့သူတွေက အကုန်ပြေးကောက်ကြတယ်။ ရှက်မနေကြဘူး။ ဂုဏ်ယူတာ။ လမ်းပေါ်မှာ အမှိုက်လှည်းကျင်းနေတဲ့ ဘယ်စည်ပင်ဝန်ထမ်းမှမရှိဘဲ ဘာလို့ သန့်ရှင်းသပ်ရပ်နေရတာလဲ။

သက်ကြီးရွယ်အိုတွေဟာ ခြံဝင်းထဲမှာ လမ်းမပေါ်မှာ တကုပ်ကုပ်နဲ့ သန့်ရှင်းအောင် ထိန်းသိမ်းနေကြတာ နေရာတကာမြင်ရတယ်။ ဂျပန်နိုင်ငံရဲ့သန့်ရှင်းမှုနဲ့ လူနေမှုအဆင့်မြင့်မားမှုက အနောက်တိုင်းက ထိပ်တန်းနိုင်ငံတွေထက် သာတယ်။ ဂျပန်ရဲ့အနေအထိုင် အစားအသောက်သန့်ရှင်းမှုကို မီတဲ့နိုင်ငံရှားတယ်။

ဒါကြောင့်ပဲ ဂျပန်တွေဟာ ကမ္ဘာမှာ အသက်အရှည်ဆုံး လူမျိုးဖြစ်လာတယ်။ အမှိုက်ကို စည်းကမ်းနဲ့ပစ်တာ သန့်ရှင်းသပ်ရပ်နေအောင် ဂရုတစိုက် ထိန်းသိမ်းတာကစလို့ ဒီအခြေခံအကြောင်းတရားတွေကနေပဲ ဂျပန်ဟာ ချမ်းသာတဲ့နိုင်ငံစာရင်းထဲ ပါနေရတာပဲ။

ကဲ... ဂျပန်ပြည်သူတွေ အဲဒီလောက် စည်းကမ်းပြည့်ဝကြတာဟာ၊ သန့်ရှင်းသပ်ရပ်အောင် အမြဲကြိုးစားအားထုတ်ကြတာဟာ၊ အဆင့်အတန်း သိပ်မြင့်ကြတာဟာ အလိုအလျောက် ဖြစ်လာတဲ့ကိစ္စလား။ အစိုးရတွေက နှစ်ပေါင်းများစွာ ပြည်သူလူထုကို အလေးအနက်တန်ဖိုးထားပြီးတော့ ထိန်းကျောင်းပြုပြင် မြှင့်တင်ပေးခဲ့ကြတာလား။ ဒီမေးခွန်းက အထူးအထွေ ဖြေဖို့မဟုတ်ဘဲ အတွေးနယ်ချဲ့ဖို့အတွက်သာ ဖြစ်ပါတယ်။ စည်းကမ်းတွေ ဥပဒေတွေ ဘယ်လောက်ကောင်းကောင်း ရေးဆွဲပြဋ္ဌာန်းထားပါစေ အစိုးရတွေက အလုပ်ကို ထိထိရောက်ရောက်လုပ်ဖို့ စိတ်ကူးမရှိဘဲနဲ့၊ ပြည်သူလူထုရဲ့တန်ဖိုးများ၊ လူ့အဖွဲ့အစည်းရဲ့တန်ဖိုးများကို အမှန်တကယ် လိုလိုချင်ချင် ထိထိရောက်ရောက် ကျွမ်းကျွမ်းကျင်ကျင် အားသွန်ခွန်စိုက် မြှင့်တင်ပေးဖို့ အားတက်သရောမရှိဘဲနဲ့၊ အခု မြန်မာပြည်မှာခေတ်စားနေပြီး လက်တွေ့မှာတော့ ဘာမှအရာသိပ်မထင်သေးတဲ့ တရားဥပဒေစိုးမိုးရေးဆိုတဲ့ ကိစ္စကို တွန်းတွန်းထိုးထိုးမလုပ်ဘဲနဲ့ အဲဒီပြည်သူလူထုဟာ အဆင့်အတန်းမြင့်လာဖို့ မရှိဘူး။ စည်းကမ်းကောင်းလာဖို့ မရှိဘူး။ နိုင်ငံတကာအဆင့် လူ့အဖွဲ့အစည်းဆိုတာကို မျှော်မှန်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တကယ်တော့ ပြည်သူလူထုဟာ စည်းကမ်း သိပ်ကောင်းနေကြတာပဲဖြစ်ဖြစ်၊ စည်းပျက်ကမ်းပျက် တန်ဖိုးမဲ့နေကြတာပဲဖြစ်ဖြစ် ကောင်းကောင်းဆိုးဆိုး အခြေအနေတစ်ရပ်ဟာ အစိုးရတွေ ပြည်သူလူထုအပေါ် ဘယ်လောက်စေတနာထားလဲ၊ ဘယ်လောက် တန်ဖိုးထားလဲ၊ ဘယ်လောက် အရည်အချင်းရှိလဲ၊ ဘယ်လောက် ကြိုးစားအားထုတ်သလဲ ဆိုတာကို တိုင်းတာလို့ရတဲ့ အကောင်းဆုံးပေတံပဲ။ အစိုးရတိုင်းဟာ တိုင်းပြည်ကို ကောင်းစေချင်ကြောင်း၊ ပြည်သူလူထုကို လွန်စွာမှ ချစ်မြတ်နိုး တန်ဖိုးထားကြောင်း ရွှန်းရွှန်းဝေအောင် ပြောတတ်ကြတာချည်းပဲ။ အာဏာရှင်အစိုးရတွေလည်း အတူတူပဲ။ လူထုအစိုးရဆိုတဲ့ ရွေးကောက်ခံအစိုးရတွေလည်း အတူတူပဲ။ အစိုးရကောင်းဆိုတာ ပြည်သူလူထု(လူ့အဖွဲ့အစည်း) ရဲ့ ရှိသင့် ရှိထိုက်တဲ့တန်ဖိုးတွေကို အပြည့်အဝ မြှင့်တင်ပေးနိုင်ရမယ်။ ဖြည့်ဆည်းပေးနိုင်ရမယ်။

နိဂုံးချုပ်ရရင် အမှိုက်တွေ စည်းမဲ့ကမ်းမဲ့ပစ်ခြင်းအပါအဝင် စည်းကမ်းဥပဒေတွေကို ချိုးဖောက်မှုမှန်သမျှဟာ အပြစ်ပဲ။ ဒီလိုတွေလုပ်တဲ့ ပြည်သူလူထုဟာ အပြစ်ရှိတယ်။ အဲသလိုစည်းကမ်းမရှိတဲ့ ပြည်သူလူထုကို စည်းကမ်းရှိလာအောင် ထိထိရောက်ရောက် ထိန်းကျောင်းပြုပြင်ပေးဖို့ ပျက်ကွက်တဲ့ တာဝန်မကျေတဲ့အစိုးရတွေဟာ ပိုအပြစ်ကြီးတယ်။

မင်းထင်



FOLLOW US