News

POST TAGGED AS

နိုင်ငံရေး

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးအကြိုဆွေးနွေးပွဲ ကျင်းပခွင့် အစိုးရနှင့်ညှိနှိုင်းမရ
ရန်ကုန်၊ မတ် ၅

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရန် အကြိုးဆွေးနွေးပွဲ ကျင်းပခွင့်အတွက် အစိုးရနှင့် ရှမ်းနိုင်ငံရေး အဖွဲ့အစည်းများအကြား ပြေလည်မှုမရရှိသေးကြောင်း UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တွဲဖက်အတွင်းရေးမှူး စိုင်းကျော်ညွန့်က ပြောကြားသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပခဲ့သည့် ပစ်ခတ်တိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တွင် ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြိုလူထုတွေ့ဆုံပွဲများ ကျင်းပရေးအတွက် အစိုးရဘက်က ပုံစံနှစ်ခု အကြံပြုခဲ့သည်။

အစိုးရ၏ အကြံပြုချက်များသည် ရှမ်းနိုင်ငံရေးအဖွဲ့အစည်းများ လုပ်ဆောင်လိုသည့်ပုံစံနှင့် ကွဲပြားနေပြီး နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးလုပ်ငန်းစဉ်များ ရပ်တန့်နေကြောင်း စိုင်းကျော်ညွန့်က ပြောကြားသည်။

လူထုအစည်းအဝေးများကို ပင်လုံ၊ တောင်ကြီး၊ မန္တလေး၊ ပင်လုံ၊ ကျောက်မဲနှင့် ကာလိမြို့ငါးမြို့မှ ဆွေးနွေးမည့်အဖွဲ့များကို ခေါ်ယူကာ လင်းခေးမြို့တွင် ဆွေးနွေးပွဲ ပြုလုပ်ရန်နှင့် နောက်ထပ်ရွေးချယ် စရာတစ်ခုအနေနှင့် လင်းခေးတွင် ပြုလုပ်မည့် ဆွေးနွေးပွဲမတိုင်မီ တောင်ကြီးမြို့တွင် အကြိုလူထုတွေ့ဆုံပွဲ ကျင်းပရန်တို့ကို အစိုးရက အကြံပြုထားခြင်း ဖြစ်သည်။

လူထုတွေ့ဆုံပွဲ ပြုလုပ်ရာတွင် လူထု ကို သွားရောက်တွေ့ဆုံရမည်ဖြစ်ပြီး လင်းခေး သို့ လာရောက်ရန် အကြံပြုချက်သည် အဓိပ္ပာယ်မရှိသည့် အကြံပြုချက်ဖြစ်ပြီး တောင်ကြီးတွင် ပြုလုပ်ခွင့်ပေးသည့် နောက်ထပ် အကြံပြုချက်ကလည်း လူ ကန့်သတ်ထားကြောင်း စိုင်းကျော်ညွန့်က ဆိုသည်။

“မြို့တွေမှာ မလုပ်ဘဲနဲ့ လူတွေကို လင်းခေးကို ခေါ်တယ်ဆိုတာကတော့ အဓိပ္ပာယ်တော့ မရှိဘူး။ တောင်ကြီးမှာ လုပ်မယ့်ဟာကလည်း လူတစ်ရာလောက်နဲ့ အကန့်အသတ်နဲ့ပဲ ကော်မတီ အစည်းအဝေးလိုမျိုး လုပ်ရမှာဆိုတော့ သိပ်အဆင်မပြေဘူး”ဟု ၎င်းက ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲ ကျင်းပရေးနှင့်ပတ်သက်၍ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) အဖွဲ့ထံ ဆက်သွယ်မေးမြန်းရာ ယင်းကိစ္စကို အထက်မှ ညှိနှိုင်းနေဆဲသာဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ရှမ်းပြည်နယ်အတွင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပတ်သက်၍ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ သဘောထားကွဲလွဲခဲ့ပြီး ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) အဖွဲ့ကလည်း အဆိုပါဆွေးနွေးပွဲကို ရွှေ့ဆိုင်းခဲ့ရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးကို လာမည့်မေလဆန်းတွင် ကျင်းပနိုင်ရန် အစိုးရကမျှော်လင့်နေပြီး မကျင်းပမီ မွန်နှင့်ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပသွားမည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်က NCA စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည့် မွန်ပြည်သစ်ပါတီ (NMSP) ၏ မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ရေးမြို့နယ်တွင် ကျင်းပခွင့်ပြုပေး ထားပြီးဖြစ်သည်။  

J-08



FOLLOW US